First Date တွင် မိန်းကလေးဘက်က ကျသင့်ငွေ တစ်ဝက် မရှင်းပေး၍ ကောင်လေးက ရဲစခန်းသို့ တိုင်ကြား

First Date တွင် မိန်းကလေးဘက်က ကျသင့်ငွေ တစ်ဝက် မရှင်းပေး၍ ကောင်လေးက ရဲစခန်းသို့ တိုင်ကြား
စက်တင်ဘာ 29, 2023 | နိုင်ငံတကာသတင်း
By Mr John

ရုရှားနိုင်ငံ မော်စကိုမြို့မှ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်းနှင့် ပထမဆုံးအကြိမ် ချိန်းတွေ့သည့် အမျိုးသမီးမှာ ကော်ဖီဆိုင်တွင် ကျသင့်ငွေကို တစ်ဝက်စီ ရှင်းကြရန် ငြင်းဆန်မှုကြောင့် ၎င်းတစ်ဦးတည်းက ရူဘယ် (၁၆,၀၀၀) (အမေရိကန်ဒေါ်လာ ၁၆၅ ဝန်းကျင်) ကို ရှင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားလာလိုက်ကြောင်း သိရသည်။

အမည်မဖော်သူ ထိုအမျိုးသားက ဆိုရှယ်မီဒီယာမှတစ်ဆင့် သိကျွမ်းခဲ့သော အမျိုးသမီးတစ်ဦးနှင့်  မော်စကိုမြို့ Mira လမ်းမကြီးပေါ်ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ပထမဆုံးအကြိမ် ချိန်းတွေ့ခဲ့ကြကာ စားပွဲထိုးက ကျသင့်ငွေတောင်းခံလွှာနှင့်အတူ ရောက်မလာခင်အထိ အဆင်ပြေပြေ ဖြစ်နေခဲ့ကြသည်။

ကျသင့်ငွေကို တစ်ယောက် တစ်ဝက်စီ ရှင်းကြမည်ဟု အမျိုးသားက ထင်ထားသော်လည်း အမျိုးသမီးက ငွေရှင်းရန် ငြင်းဆန်ပြီး  စားစရာနှင့် သောက်စရာ အများစုကို အမျိုးသားက မှာခဲ့ခြင်းဖြစ်သောကြောင့် အမျိုးသားကသာ ကျသင့်ငွေ ရှင်းသင့်ကြောင်း ထိုအမျိုးသမီးက ပြောဆိုခဲ့သည်။



ကျသင့်ငွေရှင်းရန်ကိစ္စ မိနစ်အနည်းငယ်ကြာ အငြင်းအခုံဖြစ်ပြီးနောက် အမျိုးသမီးက စားပွဲဝိုင်းမှထပြီး ကော်ဖီဆိုင်ကနေ ထွက်သွားခဲ့ရာ ကျန်နေခဲ့သူ အမျိုးသားမှာ ကျသင့်ငွေ အားလုံးဖြစ်သည့် အမေရိကန်ဒေါ်လာ (၁၆၅)ဝန်းကျင်နှင့် ညီမျှသည့် ရုရှား ရူဘယ်ငွေ (၁၆,၀၀၀)ကို ရှင်းပေးခဲ့ရသည်ဟု ဆိုသည်။ 



ပထမဆုံးအကြိမ် ချိန်းတွေ့ကြသည့် first date တွင် ကျသင့်ငွေကို တစ်ဝက်စီ မရှင်းဘဲ ကော်ဖီဆိုင်ကနေ ထွက်သွားခဲ့သူ အမျိုးသမီးငယ်တစ်ဦးကို ရုရှားရဲတပ်ဖွဲ့က ရှာဖွေနေသည်ဟု ဆိုသည်။ 

ပထမဆုံးအကြိမ် ချိန်းတွေ့ကြသည့် first date ကျသင့်ငွေကို မည်သူက ရှင်းသင့်ကြောင်းနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲပြားနေကြသည်။

အမျိုးသားများက ကျသင့်ငွေ အားလုံးကို ရှင်းသင့်ကြောင်း အချို့က ယူဆကြပြီး ကျသင့်ငွေကို တစ်ဝက်စီ ရှင်းခြင်းက တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း လက်ခံထားသူများလည်းရှိသည်။ 

First date တွင် ကျသင့်ငွေရှင်းသည့် ကိစ္စမှာ အွန်လိုင်းပေါ်၌ မဆုံးနိုင်သော ဆွေးနွေးငြင်းခုံစရာ ဖြစ်နေခဲ့ပြီး မည်သည့်အခါကမှ ရဲတပ်ဖွဲ့ ပါဝင်ရခြင်း မရှိသော်လည်း  ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး မကျေနပ်သည့် အမျိုးသားက ရဲစခန်းသို့ သွားရောက်ပြီး တိုင်ချက်ဖွင့်ခဲ့ခြင်း ဖြစ်သည်။

 

Source: Oddity Central