ဂါနာနိုင်ငံတွင် ကူးစက်မြန်ပြီး သေဆုံးလွယ်သည့် မာဘတ်ဗိုင်းရပ်စ် တွေ့ရကြောင်း ကြေညာ

Photo: AFP
Photo: AFP
ဂါနာနိုင်ငံတွင် ကူးစက်မြန်ပြီး သေဆုံးလွယ်သည့် မာဘတ်ဗိုင်းရပ်စ် တွေ့ရကြောင်း ကြေညာ
ဇူလိုင် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

 အာဖရိကတိုက်မှ ဂါနာနိုင်ငံတွင် အလွန်ကူးစက်တတ်သည့် အီဘိုလာနှင့်ဆင်တူသော မာဘတ် (Marburg) ဗိုင်းရပ်စ် ကူးစက်မှု (၂) ခု တွေ့ရှိရကြောင်း ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြု ကြေညာသည်။ 

ယခုလအစောပိုင်းက သေဆုံးခဲ့သူ (၂) ဦးထံတွင် ထိုဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ဂါနာတွင် ဓာတ်ခွဲစစ်ဆေးမှုရလဒ်များကို ဇူလိုင်လ (၁၀) ရက်နေ့က ရရှိခဲ့သော်လည်း မာဘတ်ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ကြောင်း အတည်ပြုရန် ထိုရလဒ်များကို ဆီနီဂေါနိုင်ငံရှိ ဓာတ်ခွဲခန်းတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ဆိုသည်။

"နောက်ထပ် စစ်ဆေးမှုကို ဆီနီဂေါနိုင်ငံ Dakar မြို့တော်ရှိ Institue Pasteurမှာ ပြုလုပ်ခဲ့ပြီး ရလဒ်တွေကို အတည်ပြုခဲ့ပါတယ်" ဟု ဂါနာကျန်းမာရေးဌာန Ghana Health Servie (GHS) က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

GHS က ထိတွေ့မှုရှိသူများကို သီးခြားခွဲထားခြင်း အပါအဝင် မာဘတ်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအန္တရာယ်လျှော့ချရေး လုပ်ဆောင်နေပြီး သီးခြားခွဲထားသူများအနက် ရောဂါလက္ခဏာပြသူ မရှိကြောင်း သိရသည်။

ဂါနာတွင် ပထမကူးစက်မှုတစ်ခုမှာ အသက် (၂၆) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းက ဇွန်လ (၂၆) ရက်နေ့၌ ဆေးရုံသို့ရောက်ရှိလာခဲ့ပြီး ဇွန်လ (၂၇) ရက်တွင် သေဆုံးသွားခဲ့သည်။ 

ဒုတိယကူးစက်ခံသူမှာ အသက် (၅၁) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇွန်လ (၂၈) ရက်နေ့တွင် ဆေးရုံသို့ရောက်ခဲ့ပြီးနောက် ထိုနေ့၌ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း WHO က ပြောသည်။ 

ထိုအမျိုးသား (၂) ဦးမှာ ဆေးရုံတစ်ရုံတည်းတွင် ကုသမှုခံယူခဲ့ကြသည်ဟု ဆိုသည်။

မာဘတ်ဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာ (၂) ဦးလုံးမှာ ဂါနာတောင်ပိုင်း Ashanti နယ်မြေမှဖြစ်ပြီး မသေဆုံးမီ ဝမ်းလျှောခြင်း၊ ကိုယ်ပူခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အော့အန်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

"ဂါနာကျန်းမာရေးအာဏာပိုင်တွေက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခဲ့ကြပါတယ်။ ဖြစ်နိုင်တဲ့ ကူးစက်ဖြစ်ပွားမှုအတွက် စတင်ပြင်ဆင်ခဲ့ကြပါတယ်။ ချက်ချင်းနဲ့ ပြတ်သားတဲ့ လုပ်ဆောင်ချက်မရှိရင် မာဘတ်က ကျွန်မတို့လက်ကနေ အလွယ်တကူ လွတ်သွားနိုင်တာဆိုတော့ ဒီလို မြန်ဆန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုက ကောင်းပါတယ်" ဟု WHO ၏ အာဖရိကဒေသဆိုင်ရာ အကြီးအကဲ Matshidiso Moeti က ပြောသည်။

ယခုဖြစ်ရပ်မှာ အနောက်အာဖရိကတွင် မာဘတ်ဗိုင်းရပ်စ် ဒုတိယအကြိမ် ကူးစက်မှုသာဖြစ်ကြောင်းလည်း သိရသည်။ ပထမအကြိမ် ထိုဗိုင်းရပ်စ်ကူးစက်မှုကို ယမန်နှစ်အတွင်း ဂီနီနိုင်ငံတွင် တွေ့ခဲ့ရပြီး နောက်ထပ် ကူးစက်မှုများ မတွေ့ရှိခဲ့ဟု ဆိုသည်။

 ၁၉၇၆ ခုနှစ်မှစပြီး အလွန်ကူးစက်မြန်သည့် မာဘတ်ဗိုင်းရပ်စ် အဓိကကူးစက်မှု တစ်ဒါဇင်ကို တွေ့ရှိထားခဲ့ပြီး အများစုမှာ အာဖရိက တောင်ပိုင်းနှင့်အရှေ့ပိုင်းတွင် ဖြစ်သည်။ ပထမဆုံး မာဘတ်ဗိုင်းရပ်စ် ကူးစက်မှုကို ၁၉၆၇ ခုနှစ်က ဂျာမနီနိုင်ငံတွင် တွေ့ရှိခဲ့ရသည်။

မာဘတ်ဗိုင်းရပ်စ်၏ သေဆုံးမှုနှုန်းမှာ ဗိုင်းရပ်စ်မျိုးဗီဇနှင့် ကူးစက်ခံရသူကို ကုသမှုအပေါ် မူတည်ပြီး (၂၄) ရာခိုင်နှုန်းမှ (၈၈) ရာခိုင်နှုန်းအတွင်း ကွဲပြားကြောင်း WHO ၏ အချက်အလက်များအရ သိရှိရသည်။ 

မာဘတ်ဗိုင်းရပ်စ်မှာ သစ်သီးစား လင်းနို့များထံမှ လူများသို့ ကူးစက်ခဲ့ပြီးနောက် ကူးစက်ခံရသူ၏ ခန္ဓာကိုယ်တွင်းအရည်နှင့် ထိတွေ့မိရာမှတစ်ဆင့် လူအများကြား ကူးစက်ပျံ့နှံ့ကြောင်း WHO က ပြောသည်။

လက်ရှိတွင် ထိုဗိုင်းရပ်စ် ကူးစက်ခံရမှုအတွက် သီးခြားကုထုံးမရှိသေးသော်လည်း ရေများများသောက်စေခြင်းနှင့် အချို့ ရောဂါလက္ခဏာများကို ကုသပေးခြင်းဖြင့် အသက်ရှင်မှုနှုန်း တိုးမြင့်နိုင်သည်ဟု ဆရာဝန်များက ဆိုသည်။

 မာဘတ်ဗိုင်းရပ်စ် ကူးစက်မှုများကို အနောက်အာဖရိကအပြင် အန်ဂိုလာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကင်ညာ၊ တောင်အာဖရိကနှင် ယူဂန်ဒါနိုင်ငံတို့တွငလည်း တွေ့ခဲ့ရကြောင်း WHO က ပြောသည်။

 ၂၀၀၅ ခုနှစ်က အန်ဂိုလာနိုင်ငံတွင် ထိုဗိုင်းရပ်စ်ကြောင့် လူ (၂၀၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Source: Al Jazeera, BBC