တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၆)ရက်အတွင်း စုစုပေါင်း (၁၃၃)ဦး စစ်ဆေးတွေ့ရှိ

တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၆)ရက်အတွင်း စုစုပေါင်း (၁၃၃)ဦး စစ်ဆေးတွေ့ရှိ
အောက်တိုဘာ 7, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၊ တာချီလိတ်ခရိုင် တာလေမြို့တွင် အခမဲ့စစ်ဆေးနိုင်ရန် ရရှိထားသည့် RDT Test kit အခု (၁၀၀၀)ဖြင့် စစ်ဆေးပေးနေရာ  Covid-19 ကူးစက်ခံထားရသူများကို  (၆)ရက်အတွင်း  စုစုပေါင်း (၁၃၃)ဦးအထိ တွေ့ရှိရကြောင်း သိရသည်။

တာလေမြို့တွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့က (၂၀)ဦး၊ အောက်တိုဘာလ(၂)ရက်နေ့က (၃၂)ဦး၊ အောက်တိုဘာလ(၃)ရက်နေ့က (၁၉)ဦး၊ အောက်တိုဘာလ(၄)ရက်နေ့က (၁)ဦး၊ အောက်တိုဘာလ(၅)ရက်နေ့က (၃၁)နှင့် အောက်တိုဘာလ(၆)ရက်နေ့တွင် (၃၀)ဦး စုစုပေါင်း (၁၃၃)ဦးရှိသည်။

အောက်တိုဘာလ(၆)ရက်နေ့က စစ်ဆေးတွေ့ရှိရသည့် (၃၀)ဦးမှာ တာလေမြို့ မိုင်းလင်း(အရှေ့)၊လန့်တောင်းရွာမှ (၁၃)ဦး၊ အမှတ်(၃)ရပ်ကွက်မှ (၁၁)ဦး နှင့် အမှတ်(၄)ရပ်ကွက်မှ (၆)ဦးတို့  ဖြစ်ကြသည်။

တာလေမြို့တွင် ရရှိထားသည့် Test kit အခု (၁၀၀၀)ဖြင့် အခမဲ့ စစ်ဆေးပေးနေပြီး စစ်ဆေးတိုင်း တွေ့ရှိနေသည့်အတွက် Test Kit များများ လိုအပ်နေသလို Lockdown ချထားသည့် ကျေးရွာများအတွက်လည်း အကူအညီများ လိုအပ်သည့်အတွက် တလောမြို့ရှိ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအပြင် တာလေမြို့အုပ်ချုပ်ရေးမှူးရုံးသို့လည်း စေတနာရှင်များ လာရောက် လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

တာလေမှာက စစ်လေပေါ်လေ ထပ်စစ်ထပ်တွေ့ ဖြစ်နေပြီ။ များများစစ်နိုင်တော့ တွေ့လေ ပိုထိန်းချုပ်နိုင်လေဖြစ်တာပေါ့။ Test kit အလှူရှင်များများ ပေါ်ပါစေလို့ ဆုတောင်း နေမိတယ်။ တာလေမြို့မှာကလည်း တာချီလိတ်ကလိုပဲ သတ်မှတ်စည်းကမ်းထက် ကိုယ့်ကိုကိုယ် မကာကွယ်ကြဘူး။ ပေါ့ပေါ့ဆဆ နေနေကြတော့ အခု အခမဲ့ စစ်ဆေးပေးတဲ့အခါမှာ အုံလိုက်ကျင်းလိုက်တွေ့တော့တာပဲ။ တာလေမြို့မှာက လူဦးရေက နည်းနည်းလေးရယ်။ Test kit ရှိရင် ရှိသလောက် စစ်လေ တွေ့လေဖြစ်မဲ့ အခြေအနေပဲ

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

 

တာလေမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၆)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၂၈၆)ဦး ရှိရာ ဆေးရုံနှင့် သီးသန့်စောင့်ကြည့်စင်တာများကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူများမှာ (၁၀၆)ဦးအထိ ရှိကြောင်း သိရသည်။

လက်ရှိတွင် စောင့်ကြည့်ကုသ လက်ကျန်မှာ (၁၇၆)ဦး ရှိနေပြီး သေဆုံးသူမှာလည်း (၄)ဦးရှိကြောင်း သိရသည်။