ဓာတ်ခွဲခန်းထုတ်အသားကို အမေရိကန်တွင် မကြာမီ စားသုံးလာနိုင်ဖွယ်ရှိ

Photo: MGN-FDA
Photo: MGN-FDA
 ဓာတ်ခွဲခန်းထုတ်အသားကို အမေရိကန်တွင် မကြာမီ စားသုံးလာနိုင်ဖွယ်ရှိ
By Mr John

တစ်ချိန်က စိတ်ကူးယဥ် သိပ္ပံဇာတ်လမ်းပါ အရာတစ်ခုဖြစ်ခဲ့သည့် ဓာတ်ခွဲခန်းတွင် ဖန်တီးထားသော အသားကို အမေရိကန်နိုင်ငံရှိ စားသောက်ဆိုင်အချို့တွင် အစောဆုံးအနေဖြင့် ယခုနှစ်အတွင်း အမှန်တကယ် စားသုံးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ ဓါတ်ခွဲခန်းအသားထုတ်လုပ်မှုအတွက် ကုမ္ပဏီတစ်ခုကို ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ခွင့်ပြုချက်ပေးလိုက်သည့်အတွက် ဓာတ်ခွဲခန်းထုတ်အသားကို လပိုင်းအတွင်းမှာပင် စားသောက်ဆိုင်၏ ဟင်းလျာစာရင်းတွင် မြင်တွေ့လာနိုင်မည်ဟု အသားထုတ်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများက မျှော်လင့်ထားကြသည်။

အသားထုတ်လုပ်ရေးကုမ္ပဏီအချို့က ဓာတ်ခွဲခန်းတွင် ဖန်တီးထားသော အသားကို နာမည်ကြီး စားဖိုမှူးများဖြစ်သည့် အာဂျင်တီးနား စာဖိုးမှူး Francis Mallmann နှင့် စပိန် စားဖိုမှူး José Andrés တို့က ၎င်းတို့၏ အဆင့်မြင့် စားသောက်ဆိုင်များ၏ ဟင်းပွဲစာရင်း၌ ထည့်သွင်းသွားမည်ဟု ဆိုထားသည်။ 

သို့သော် ဓာတ်ခွဲခန်းထုတ် အသားများကို စူပါမတ်ကက်များတွင် ရောင်းချနိုင်ရန်မှာ ကြီးမားသည့် အတားအဆီးများကို ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ကုမ္ပဏီအရာရှိ (၅) ဦးက Reuters သတင်းဌာနကို ပြောသည်။

ဓာတ်ခွဲခန်းတွင် ဖန်တီးထားသည့် အသားကို အမဲသားနှင့် ကြက်ရင်ပုံသားတို့ထက် ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်သည်ဟု ဆိုသည်။ 

ဓာတ်ခွဲခန်းထုတ် အသားကို နွား၊ ဆိတ်၊ ကြက်၊ ဝက် အစရှိသည့် အသားထုတ်လုပ်ရေး မွေးမြူရေးတိရိစ္ဆာန်များထံမှ သေးငယ်သော ဆဲလ်နမူနာတစ်ခုကို ရယူ၍ ဖန်တီးထားခြင်းဖြစ်ပြီး ထိုဆဲလ်နမူနာကို ဓာတ်ခွဲခန်းတွင် အာဟာရများ ဖြည့်တင်းပေးကာ ဇီဝဓာတ်ပေါင်းဖို boireactor ဟုခေါ်သည့် စတီးစည်များတွင် ကြီးထွားလာစေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲခန်းလုပ်ငန်းစဥ်ဖြင့် ရရှိလာသော ဓာတ်ခွဲခန်းထုတ် အသားမှာ မွေးမြူရေးတိရိစ္ဆာန်များထံမှ ရရှိသော အသားကဲ့သို့ပင် အသွင်အပြင်နှင့် အရသာ တူညီကြောင်း သိရသည်။ 

ဓာတ်ခွဲခန်းထုတ် အသားကို ယခုအချိန်အထိ စင်ကာပူနိုင်ငံ တစ်နိုင်ငံတည်းကသာ လက်လီရောင်းချခွင့်ပြုထားပြီး  အမေရိကန်နိုင်ငံကလည်း အလားတူ ရောင်းချခွင့်ပြုသွားရန်ရှိနေသည်။

ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် UPSIDE Foods က ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ထားသည့် ကြက်ရင်ပုံသားမှာ လူများ စားသုံးရန်အတွက် ဘေးကင်းစိတ်ချရကြောင်း အမေရိကန် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့ Food and Drug Administration (FDA) က ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ပြောကြားထားသည်။ 

ယခုအခါ UPSIDE ကုမ္ပဏီက ၎င်းတို့၏ ဓာတ်ခွဲခန်းထုတ် အသားကို စားသောက်ဆိုင်များသို့ အစောဆုံးအနေဖြင့် ၂၀၂၃ ခုနှစ်နှင့် ကုန်စုံအရောင်းဆိုင်များသို့ ၂၀၂၈ ခုနှစ်၌ တင်ပို့သွားရန် မျှော်လင့်ထားကြောင်း သိရသည်။

Source: Reuters