ပြင်သစ်တွင် ဧရာမတောမီးကြီးလောင်ကျွမ်းနေမှုကို မီးသတ်သမား ၁,၀၀၀ ကျော်ဖြင့် ငြှိမ်းသတ်နေရ

ပြင်သစ်တွင် ဧရာမတောမီးကြီးလောင်ကျွမ်းနေမှုကို မီးသတ်သမား ၁,၀၀၀ ကျော်ဖြင့် ငြှိမ်းသတ်နေရ
သြဂုတ် 12, 2022 | နိုင်ငံတကာသတင်း
By Mr John

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဧရာမ တောမီးကြီးလောင်ကျွမ်းနေရာ မီးသတ်သမား (၁,၀၀၀) ကျော်က ငြှိမ်းသတ်ရန်ကြိုးပမ်းနေကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။ 

ပြင်သစ်တွင် တောမီးကြောင့် သစ်တောဧရိယာ (၁၇,၃၀၀) ဧက ပျက်စီးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ 

Bordeaux မြို့အနီး လောင်ကျွမ်းနေသည့် တောမီးကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ဒေသခံ (၁၀,၀၀၀) ထွက်ပြေးခဲ့ကြရပြီး လေပြင်းတိုက်ခိုက်မှုနှင့် အပူချိန်များမြင့်တက်နေမှုကြောင့် မီးငြှိမ်းသတ်ရေးတွင် အနှောင့်အယှက်ဖြစ်နေရသည်ဟု ဆိုသည်။ 

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဩစတြီးယား၊ ဂျာမနီ၊ ဂရိ၊ ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံများကို ပြင်သစ်တောမီးငြှိမ်းသတ်ရေး လာရောက်ကူညီကြရန်နှင့် ဥရောပတိုက်သားများ စည်းလုံးညီညွတ်ကြရန် Twitter တွင် ပြောခဲ့သည်။

ယခုနှစ် နွေရာသီတွင် ပြင်သစ်နှင့် အခြား ဥရောပနိုင်ငံများတွင် အပူချိန်များ စံချိန်တင်မြင့်တက်မှုနှင့် မိုးခေါင်ခြောက်သွေ့မှုတို့ကြောင့် ပြင်းထန်သည့် တောမီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။

 ဥရောပတိုက်တွင် အပူချိန်များ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း စံချိန်တင်မြင့်တက်မှုများအတွင်း ပေါ်တူဂီနှင့် စပိန်တွင် လူ (၁,၀၀၀) ကျော် သေဆုံးခဲ့သည်။

ကြီးမားသည့် တောမီးမှာ ပြင်သစ်နိုင်ငံ Gironder နယ်မြေ Bordeaux မြို့၏ အရှေ့တောင်ဘက် (၁၉) မိုင်ခန့်အကွာရှိ Landiras ဒေသတွင် လောင်ကျွမ်းနေခဲ့သည်မှာ (၂) ရက်ကြာပြီ ဖြစ်သည်။ 

ပြင်သစ်၏ အခြားနယ်မြေများမှ မီးသတ်သမားများကို ယခုတောမီးလောင်မှုကြီး ဖြစ်ပွားနေရာသို့ အရေးပေါ် စေလွှတ်နေရသည်ဟု ဆိုသည်။

ရာသီဥတုပြောင်းလဲမှုက ပူပြင်းမှု၊ ခြောက်သွေ့သည့် မိုးလေဝသအခြေအနေကို ဖြစ်နိုင်ခြေ မြင့်တက်လာပြီး တောမီးလောင်မှုများကို ပိုမိုဆိုးရွားစေကြောင်း သိရသည်။ 

ကမ္ဘာ့အပူချိန်မှာ စက်မှုခေတ်စတင်ခဲ့ပြီးနောက် (၁.၂) ဒီဂရီဆဲလ်စီးယပ်ခန့် ပိုမိုပူနွေးနေခဲ့ပြီး ကမ္ဘာတဝန်း အစိုးရများက ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာ လျှော့ချခြင်းမပြုပါက အပူချိန်များ ဆက်လက် မြင့်တက်နေလိမ့်မည်ဟု ဆိုသည်။

Source: BBC

Photo: EPA, Reuters, BBC, AFP / Thibaud Moritz, EPA-EFE/REX/Shutterstock, Philippe Lopez/AFP ,  Thibaud Moritz/AFP,