ထိုင်းနိုင်ငံ လော့ပ်ဘူရီပြည်နယ်တွင် ရဲတပ်ဖွဲ့က မျောက်နှိမ်နင်းရေး အထူးဌာနသစ် ဖွဲ့စည်း

ထိုင်းနိုင်ငံ လော့ပ်ဘူရီပြည်နယ်တွင် ရဲတပ်ဖွဲ့က မျောက်နှိမ်နင်းရေး အထူးဌာနသစ် ဖွဲ့စည်း
By Mr John

 မျောက်ပြဿနာကြုံနေရသည့် ထိုင်းနိုင်ငံ လော့ပ်ဘူရီပြည်နယ်တွင် မျောက်နှိမ်နင်းရေး အထူးဌာနသစ်တစ်ခု ဖွဲ့စည်းရန် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ် Apirak Vetkanchana က Tha Hin ရဲစခန်း၏ ရဲမှူး ရဲဗိုလ်မှူးကြီး Kantanphon Wanna ကို ညွှန်ကြားခဲ့သည်။ 

ရန်လို တိုက်ခိုက်တတ်သော မျောက်များကို နှိမ်နင်းသည့် ရဲတပ်ဖွဲ့ အထူးဌာန၏ လုပ်ငန်းများ ၂၀၂၄ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။

ရန်လိုသော မျောက်များကို ပစ်ခတ်နှိမ်နင်းရန် ရဲအရာရှိများအတွက် လေးခွများ ဝယ်ယူမည့် အစီအစဥ်ကို ရဲဗိုလ်ချုပ် Apirak  က ခွင့်ပြုပေးခဲ့သည်။ 

ယခင်ကမူ မျောက်များကို မေ့ဆေးသေနတ်ဖြင့် ပစ်ခဲ့သော်လည်း မျောက်များမှာ မေ့သွားရန် အနည်းဆုံး (၅) မိနစ်ကြာသည်ဟု ဆိုသည်။ 

ထိုအချိန်အတွင်း မျောက်များက အဆောက်အအုံများထိပ်သို့ ရောက်ရှိသွားမှု အပါအဝင် အခြား နေရာများသို့ ထွက်ပြေးနိုင်ကြရာ လူများအတွက် အန္တရာယ်ရှိနိုင်သည်။

မျောက်နှိမ်နင်းရေး အထူးဌာန၏ ပထမဆုံးနေ့ လုပ်ဆောင်မှုအပေါ် ဒေသခံများထံမှ အကောင်းမြင်သော တုံ့ပြန်ချက် ရရှိခဲ့ကြောင်း သိရသည်။ 

လော့ပ်ဘူရီပြည်နယ်တွင် မျောက်တိုက်ခိုက်မှုများ မြင့်တက်ဖြစ်ပွားနေစဥ် မျောက်တိုက်ခိုက်ခံရသူများကို သက်ဆိုင်ရာဌာနက လျော်ကြေးပေးရန် သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် အတည်ပြုခဲ့ပြီးနောက် ပြည်နယ်ရဲတပ်ဖွဲ့၏ မျောက်နှိမ်နင်းရေးဌာန ရှိလာခြင်းလည်း ဖြစ်သည်။

လော့ပ်ဘူရီတွင် ၂၀၂၄ ခုနှစ် မတ်လအတွင်း ကြီးမားသော မျောက်တိုက်ခိုက်မှု အနည်းဆုံး (၃) ခု ဖြစ်ပွားခဲ့သည်။ 

မျောက်များမှာ လော့ပ်ဘူရီတွင် ဒေသခံများအတွက် နှစ်ကာလရှည်ကြာ ပြဿနာတစ်ရပ် ဖြစ်နေခဲ့သည်။ 

မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ ၂၀၂၃ ခုနှစ်တွင် လော့ပ်ဘူရီပြည်နယ်အတွင်း မျောက်အကောင်ရေ (၅,၇၀၉) ကောင် တွေ့ရှိထားသည်။ 

ထိုင်းနိုင်ငံတွင် မျောက်များကို တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးဥပဒေအရ အကာအကွယ်ပေးထားကြောင်း သိရသည်။

 

Source: Bangkok Post

Photo: Lopburi Police, Lopburi PRD