ခေတ်သစ်ကျွန်ပြုခံရသည့် လူဦးရေ သန်း (၅၀) ရှိကြောင်း ILO ခန့်မှန်း

Photo: CNN
Photo: CNN
ခေတ်သစ်ကျွန်ပြုခံရသည့် လူဦးရေ သန်း (၅၀) ရှိကြောင်း ILO ခန့်မှန်း
By Mr John

လက်နက်ကိုင်ပဋိပက္ခများ၊ ရာသီဥတုဖောက်ပြန်မှုနှင့် ကမ္ဘာ့ကပ်ရောဂါတို့ကြောင့် ခေတ်သစ်ကျွန်ပြုမှုမှာ ကြီးထွားလာသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ILO ၏ အစီရင်ခံစာအသစ်က ဆိုသည်။

 အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း International Labour Organisation (ILO) က ခန့်မှန်းဖော်ပြထားမှုအရ လူဦးရေ သန်း (၅၀) သို့မဟုတ် လူ (၁၅၀) လျှင် တစ်ဦးက ခေတ်သစ်ကျွန်ပြုမှုဖြစ်သည့် အဓမ္မ အလုပ်ခိုင်းစေမှု သို့မဟုတ် အတင်းအကျပ် လက်ထပ်ထိမ်းမြားစေမှု အခြေအနေတွင် ပိတ်မိနေသည်ဟု သိရသည်။

ထိုအရေအတွက်မှာ လွန်ခဲ့သည့် (၅) နှစ်ကထက် (၁၀) သန်း နီးပါး တိုးလာခြင်းဖြစ်ကြောင်းလည်း အစီရင်ခံစာအသစ်တွင် ဖော်ပြသည်။ 

အခြေအနေများ ပိုမိုဆိုးရွာလာခြင်းက တုန်လှုပ်ဖွယ်ရာဖြစ်ကြောင်း ILO က ဆိုသည်။ 

"ဒီအခြေခံ လူ့အခွင့်ရေးတွေ အလွဲသုံးစားလုပ်ခံနေရတာကို ဘယ်အရာကမှ တရားမျှတအောင် မလုပ်နိုင်ဘူး။ ဘာတွေလုပ်ရမယ်ဆိုတာ ကျနော်တို့ သိတယ်။ အားလုံးပါဝင်တဲ့ ချဥ်းကပ်မှုတစ်ခု လိုအပ်တယ်။ ကုန်သွယ်ရေးအဖွဲ့အစည်းတွေ၊ အလုပ်ရှင်အစည်းအရုံးတွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ သာမာန်လူတွေ အားလုံး ပါဝင်ဖို့ အရေးကြီးတယ်" ဟု ILO အထွေထွေညွှန်ကြားရေးမှူး Guy Ryder က ပြောသည်။

ခေတ်သစ်ကျွန်ပြုခြင်းမှာ အနောက်ကမ္ဘာမှ ‌ဝေးကွာသော ဆင်းရဲသည့် နိုင်ငံများတွင်သာ ရှိနေခြင်း မဟုတ်ကြောင်း ကုလသမဂ္ဂလက်အောက်ခံ အလုပ်သမားအဖွဲ့အစည်း ILO က အလေးပေး ဖော်ပြထားသည်။ 

ကမ္ဘာတဝန်း အဓမ္မ အလုပ်ခိုင်းစေမှု အားလုံး၏ ထက်ဝက်ကျော်မှာ ဝင်ငွေအလယ်အလတ် သို့မဟုတ် ဝင်ငွေမြင့်မားသည့် ပိုမိုချမ်းသာသော နိုင်ငံများတွင် ဖြစ်ပေါ်နေကြောင်းလည်း ILO က ပြောသည်။

အဓမ္မ အလုပ်ခိုင်းစေမှုနှင့် အတင်းအကျပ် လက်ထပ်ထိမ်းမြားစေမှု နှစ်ခုလုံးမှာ ခေတ်သစ်ကျွန်ပြုမှုဖြစ်ကြောင်း ILO က သတ်မှတ်ပြီး ထိုအခြေအနေ နှစ်ခုလုံးတွင်ရှိနေသူမှာ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လိမ်လည်လှည့်ဖျားမှုနှင့် အာဏာအလွဲသုံးစားပြုမှု သို့မဟုတ် အခြား အကျပ်ကိုင်မှုပုံစံများကြောင့် ရုန်းမထွက်နိုင်ကြဟု ဆိုသည်။

ကလေးငယ် (၃.၃) သန်း အပါအဝင် လူဦးရေ (၂၇.၆) သန်းခန့်မှာ အဓမ္မ အလုပ်ခိုင်းစေခံရပြီး ၎င်းတို့အနက် ထက်ဝက်ကျော်မှာ စီးပွားဖြစ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုခံ‌နေကြရသည်။ 

နောက်ထပ် လူဦးရေ (၂၂) သန်းမှာ အတင်းအကျပ် လက်ထပ်ထိမ်းမြားခံကြရပြီး သုံးပုံနှစ်ပုံကျော်က အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ 

၎င်းတို့အနက် အများအပြားမှာ အသက် (၁၅) နှစ်အောက်အရွယ်တွင် အတင်းအကျပ် လက်ထပ်ခံကြရသည်ဟု ဆိုသည်။

Source: BBC