သေဒဏ်စီရင်မှုက အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဥ်ကို စစ်အုပ်စုက ဆန့်ကျင်ကြောင်း ပြသ 

စစ်အာဏာရှင် မင်းအောင်လှိုင်အား အလိုမရှိ၍ ဆန့်ကျင်သပိတ်ပြုလုပ်သည့် ပုံ
စစ်အာဏာရှင် မင်းအောင်လှိုင်အား အလိုမရှိ၍ ဆန့်ကျင်သပိတ်ပြုလုပ်သည့် ပုံ
သေဒဏ်စီရင်မှုက အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဥ်ကို စစ်အုပ်စုက ဆန့်ကျင်ကြောင်း ပြသ 
ဇူလိုင် 26, 2022 | နိုင်ငံတကာသတင်း
By Mr John

 

မြန်မာနိုင်ငံတွင် စစ်အုပ်စုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်လိုက်ခြင်းအပေါ် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများက ဇူလိုင်လ (၂၆) ရက်နေ့၌ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကာ အလွန်ရှုတ်ချထိုက်ပြီး အကျပ်အတည်းအရှိန်လျော့ရန် ဒေသတွင်း အားထုတ်ကြိုးပမ်းမှုများကို ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟု ပြောဆိုကြသည်။

မြန်မာအပါအဝင် အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့က သေဒဏ်စီရင်မှုများကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်ပြီး အလွန်ဝမ်းနည်းမိကြောင်း ပြောခဲ့သည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ တစ်ပတ်မျှသာအလိုတွင် မြန်မာစစ်အုပ်စုက ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း အာဆီယံက ဆိုသည်။

"အကျပ်အတည်းရဲ့ ခက်ခဲရှုပ်ထွေးမှုကို ကောင်းစွာအသိအမှတ်ပြုထားပြီး ရန်လိုတိုက်ခိုက်ချင်သည့် ပြင်းထန်သော စိတ်ခံစားမှုများ မြန်မာနိုင်ငံတဝန်းလုံး ခံစားနိုင်သော်လည်း အာဆီယံတစ်ဖွဲ့လုံးအနေဖြင့် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တောင်းဆိုလိုက်သည်" ဟု ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားက ပုံမှန်ထုတ်နေကျပုံစံမဟုတ်သော ပြင်းထန်သည့်ထုတ်ပြန်ချက်တွင် ပြောထားသည်။

"(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ တစ်ပတ်မျှအလိုတွင် သေဒဏ်ချမှတ်ထားမှုများကို လက်တွေ့အကောင်အထည်ဖော်ခြင်းမှာ အလွန်ပြစ်တင်ရှုတ်ချထိုက်ကြောင်းနှင့် ထိုလုပ်ရပ်က မြန်မာစစ်အုပ်စုအနေဖြင့် ကုလသမဂ္ဂက အားပေးထောက်ခံထားသည့် အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဥ် ဘုံသဘောတူညီချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ရန် ဆန္ဒမရှိကြောင်း ပြသခဲ့သည်ဟု အာဆီယံက ထုတ်ပြန်သည်။

စစ်အုပ်စုက မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် သေဒဏ်ကို လက်တွေ့ဆောင်ရွက်မှုအဖြစ် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်လိုက်ကြောင်း ဇူလိုင်လ (၂၅) ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့သည်။

ထိုလုပ်ရပ်ကို အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ အကြီးတန်းအရာရှိများက စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုအဖြစ် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ 

စစ်အုပ်စုအပေါ် ဖိအားတိုးမြှင့်ရန် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို လူသိရှင်ကြား တိုက်တွန်းလိုက်သည်။ 

တရုတ်က မြန်မာကို အခြား နိုင်ငံတွေထက် ဩဇာလွှမ်မိုးနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ပြောသည်။

စစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးအား သေဒဏ်စီရင်လိုက်ခြင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ထိုသို့ သတ်ဖြတ်ခြင်းက ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေမည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

"စစ်အုပ်စုရဲ့ အတုအယောင် ရုံးတင်စစ်ဆေးမှုတွေနဲ့ ဒီကွပ်မျက်မှုတွေက ဒီမိုကရေစီဆိတ်သုဥ်းအောင် ဗြောင်ကျကျ ကြိုးပမ်းမှုတွေပဲ။ ဒီလုပ်ရပ်တွေက မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို ဘယ်တော့မှ ဖိနှိပ်နိုင်မှာမဟုတ်ဘူး" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်။

Source: Reuters