တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း သေဆုံးမှုမြှင့်တက်လာ၍ မီးသင်္ဂြိုဟ်စက် အပူလွန်ကဲကာ ပျက်သွား

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း သေဆုံးမှုမြှင့်တက်လာ၍ မီးသင်္ဂြိုဟ်စက် အပူလွန်ကဲကာ ပျက်သွား
စက်တင်ဘာ 6, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း သေဆုံးမှုမြှင့်တက်လာပြီး တစ်ရက်လျှင် နေ့ည(၁၀)ဦးနှင့်အထက် မီးသင်္ဂြိုဟ်ပေးနေရသည့်အတွက် မြို့မသုသာန်သစ်(ပုံလို့)ရှိ မီးသင်္ဂြိုဟ်စက် (၂)လုံးမှာ အပူလွန်ကဲပြီး ပျက်စီးသွားခြင်းကြောင့် ပြုပြင်ရန် စောင့်နေဆဲကာလအတွင်း မီးသင်္ဂြိုဟ်ခုံဖြင့်သာ လောင်စာထင်းများဖြင့် သင်္ဂြိုဟ်ပေးနေလျက်ရှိကြောင်း တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)ကော်မတီက စက်တင်ဘာလ(၅)ရက်နေ့တွင် အသိပေးထားသည်။

မြို့မသုသာန်သစ်(ပုံလို့)တွင် ထားရှိသည့် မီးသင်္ဂြိုလ်စက် (၂)လုံးမှာ ထိုင်းဘတ်ငွေ (၃၂)သိန်းဖြင့် ထိုင်းနိုင်ငံမှ ဝယ်ယူပြီး ၂၀၁၉ခုနှစ် ဇွန်လ(၂၉)ရက်နေ့က စတင်ကာ အသုံးပြုခဲ့ပြီး အဆိုပါ စက်များမှာ တစ်နေ့လျှင် အလောင်း (၂)လောင်းသာ အသုံးပြုနိုင်ပြီး (၃)ဦးအထက် ပိုသုံး၍ မရကြောင်း သတ်မှတ်ထားသည့် စက်များ ဖြစ်ကြောင်း သိရသည်။

ယခုလို Covid-19 တတိယလှိုင်းကာလအတွင်း၌ တစ်နေ့လျှင် နေ့ည(၁၀)ဦးနှင့်အထက် မီးသင်္ဂြိုဟ်ပေးရသည့်အတွက် စက်(၂)လုံးမှာ အပူချိန်လွန်ကဲပြီး ပျက်စီးသွားရာ ပြုပြင်ရန်အတွက်မှာ ထိုင်းနိုင်ငံဘက် ကုမ္ပဏီသို့  ဆက်ချိတ်ခေါ်ယူသော်လည်း Covid-19 ကာလ နှစ်နိုင်ငံ သွားလာမှု အခက်အခဲကြောင်း လာရောက်ပြုပြင်ပေးရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်း  နှင့် စက်များ အမြန်ဆုံး ပြန်လည်ပြုပြင် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)ကော်မတီက အသိပေး ပန်ကြားထားခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း ဆေးရုံတွင် သေဆုံးသူများနှင့် ရပ်ကွက်အတွင်းနေအိမ်တွင် သေဆုံးသူများအား တာချီလိတ်နာရေးကူညီမှုအသင်း နှင့် မေတ္တာရှင်(သာရေး/နာရေး) လူမှုကူညီရေးအသင်းတို့က ချက်ခြင်း သင်္ဂြိုဟ်ပေးနေရာတွင် သေဆုံးသည့်အလောင်းများလာပါက ရံဖန်ရံခါတွင် ကျောက်တောင် သုသာန်ဟောင်းတွင်ပါ သွားရောက်၍ မီးသင်္ဂြိုဟ်ရသည်များလည်းရှိကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း  ဆေးရုံတွင် သေဆုံးသူ (၉၀)နီးပါးရှိနေပြီး ဆေးရုံပြင်ပ နေအိမ်များတွင် သေဆုံးသူမှာ ဆေးရုံတွင် သေဆုံးသူများထက် အရေအတွက်များပြားကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

#TachileikNewsAgency