တာချီလိတ်မြို့တွင်  ဓါးဖြင့်ခုတ်ပြီး လုယက်သူ အချို့ကို ဒီဇင်ဘာလ၏ (၂)ပတ်တာအတွင်း၌ ဖမ်းမိထား

တာချီလိတ်မြို့တွင်  ဓါးဖြင့်ခုတ်ပြီး လုယက်သူ အချို့ကို ဒီဇင်ဘာလ၏ (၂)ပတ်တာအတွင်း၌ ဖမ်းမိထား

 နယ်စပ်ဒေသ တာချီလိတ်မြို့တွင် လူ့အသက်အန္တရာယ်ကို သေစေသည်အထိ ပြုလုပ်ပြီး လုယက်မှု အနည်းဆုံး (၁၀)ကြိမ်  လုပ်ဆောင်ခဲ့ကြသည့် လူငယ်တစ်စု နှင့် ဓါးထောက်ပြီး လုယက်သူ တစ်စုကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ၏ နှစ်ပတ်တာကာလအတွင်း၌ ဖမ်းမိထားကြောင်း သိရသည်။



တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)ဈေးအနီး လမ်းတွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းက လူငယ်(၆)ဦးမှ အမျိုးသမီး(၁)ဦးအား ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ လူငယ်(၅)ဦးကို ဖမ်းမိထားသော်လည်း ကျန်(၁)ဦးမှာ လွတ်မြောက်နေသည်ဟု တာချီလိတ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ လူငယ်(၅)ဦးကို ဖမ်းမိသည့် ရက်စွဲနှင့် လွတ်မြောက်နေသည့် တရားခံ(၁)ဦး၏ အမည်ကိုတော့ တာချီလိတ်ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားထားခြင်းမရှိဘဲ လျှို့ဝှက်ပေးထားသည်ကို ၎င်းတို့ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

ဖမ်းမိထားသည့် လူငယ် (၅)ဦးအဖွဲ့သည် လူ့အသက်အန္တရာယ်ကို သေစေသည်အထိ ခြိမ်းခြောက် ပြုလုပ်ပြီး လုယက်မှုများ လုပ်ဆောင်ခဲ့သည်မှာ အနည်းဆုံး (၁၀)ကြိမ်အထိ ရှိခဲ့ကြောင်း နှင့် ၎င်းတို့သည် မူးယစ်ဆေးဝါးများ အသုံးပြုကြသူများဖြစ်သည်ဟု တာချီလိတ်ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။

ဖမ်းဆီးရမိထားသည့် အသက်(၁၄)နှစ်အရွယ်ရှိ သက်ပိုင်ထူး(ခ)အငယ်ကောင်၊ အသက်(၁၇)နှစ်အရွယ်ရှိ မိုးသက်ပိုင်ထွန်း(ခ)အတ်ကောင်၊ အသက်(၁၈)နှစ်အရွယ်ရှိ  ဟိန်းဝဏ္ဏနိုင်(ခ)အိုက်ဟိန်း၊ အသက်(၁၉)နှစ်ရွယ် မြင့်မြတ်ဟိန်(ခ)အိုက်ပီး နှင့်  အသက်(၂၃)နှစ်အရွယ်ရှိ  စိုင်းလွန်းနွဲ့(ခ)အိုက်နွဲ့ တို့ကို အနည်းဆုံး ထောင်ဒဏ် (၇)နှစ်နှင့်အထက် ချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ (၃၉၇)ဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ ဒီဇင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းက  နေအိမ်အတွင်းဝင်ရောက်လာပြီး ဓါးဖြင့်ရွယ်ကာ အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ရွှေဆွဲကြိုးလုယက်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း  ကျော်မြင့်(ခ)အီပို နှင့် ခိုင်မင်းသူ(ခ)ဇော်မင်းသူ(ခ)မခိုင်တို့ကို ဖမ်းဆီးရမိပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၁၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး ၎င်းတို့နှင့် ဆက်နွယ်နေပြီး လွတ်မြောက်နေသည့် ဖိုးဝ ဆိုသူကို ဖမ်းမိနိုင်ရေး စုံစမ်းနေသည်ဟုလည်း သိရသည်။

ရွှေဆွဲကြိုးလုယက်သည့် ဖြစ်စဉ်တွင် ပါဝင်သူ ကျော်မြင့်(ခ)အီပိုမှာ မူးယစ်ဆေးဝါးအသုံးပြုသူဖြစ်ပြီး  ခိုင်မင်းသူ(ခ)ဇော်မင်းသူ(ခ)မခိုင်မှာလည်း ယခင်က ခိုးမှုဖြင့် ထောင်ကျခဲ့ဖူးသူဖြစ်ပြီး ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ယခုလို အလုပ်မျိုးကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။ 

တာချီလိတ်မြို့တွင် အသက်အန္တရာယ်ပြုပြီး ခိုးဆိုးလုယက်သည့် ဖြစ်စဉ်နှင့် ဆိုင်ကယ် ခိုးမှုများမှာ နေ့စဉ်နီးပါး ဖြစ်ပွားနေသော်လည်း တာချီလိတ်ရဲတပ်ဖွဲ့အနေဖြင့် တရားခံ အချို့ကိုသာ ဖမ်းမိသော်လည်း ဖမ်းမိသည့် တရားခံများကနေတဆင့် ကွင်းဆက်တရားခံများကို ထပ်မံဖော်ထုတ် ဖမ်းဆီးလေ့မရှိကြောင်း ဒေသခံများက ဆိုသည်။