ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံ ရေနစ်မြုပ်နေပြီး ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ဒေါ်လာ (၁၀) ဘီလီယံကျော်ရှိ

ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံ ရေနစ်မြုပ်နေပြီး ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ဒေါ်လာ (၁၀) ဘီလီယံကျော်ရှိ
သြဂုတ် 31, 2022 | နိုင်ငံတကာသတင်း
By Mr John

ပါကစ္စတန်တွင် သမိုင်းတွင်သည့် ရေကြီးရေလျှံမှုကြောင့် နိုင်ငံ၏ သုံးပုံတစ်ပုံမှာ လုံးဝ ရေနစ်မြုပ်နေကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးက ပြောသည်။ 

အကြီးအကျယ် ပျက်စီးမှုဖြစ်စေသော ရုတ်တရက် ရေကြီးမှုများကြောင့် ပါကစ္စတန်နိုင်ငံတဝန်း လမ်းမများ၊ နေအိမ်များနှင့် ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့သည်။

"အားလုံးက ပင်လယ်သမုဒ္ဒရာကြီးတစ်ခုလို ဖြစ်သွားတယ်။ ရေစုပ်ထုတ်ပစ်ဖို့ ခြောက်သွေ့တဲ့ မြေနေရာ မရှိတော့ဘူး။ အကျပ်အတည်းက တွေးလို့မရနိုင်တဲ့ ပမာဏဖြစ်တယ်" ဟု ဝန်ကြီးSherry Rehman က ပြောသည်။ 

နောက်ဆုံးထုတ်ပြန်ထားသည့် တရားဝင်စာရင်းအရ မုတ်သုန်မိုးများ စတင်ရွာသွန်းခဲ့သည့် ဇွန်လမှစပြီး ဩဂုတ်လ (၃၀) ရက်နေ့အထိ လူ (၁,၁၃၆) ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

ထိုအတောအတွင်း ရေကြီးမှုများကြောင့် နိုင်ငံတဝန်း ပျက်စီးဆုံးရှုံးပမာဏမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ အထက်ရှိမည်ဟု ခန့်မှန်းရကြောင်း  ပါကစ္စတန်နိုင်ငံ စီမံကိန်းဝန်ကြီးက Ahsan Iqbal က ဆိုသည်။ 

"ပျက်စီးဆုံးရှုံးမှုပမာဏက အလွန်ကြီးမားမယ်လို့ ကျွန်တော်ထင်တယ်။ အလွန်ကြီးမားပါတယ်။ ပဏမ ခန့်မှန်းမှုအရ ဒါက ကြီးမားပါတယ်။ ဒေါ်လာ (၁၀) ဘီလီယံထက်ပိုတယ်" ဟု ၎င်းက ပြောသည်။

သီးခြားသတင်းတစ်ရပ်အရ ငွေကြေးပြတ်လပ်နေသည့် ပါကစ္စတန်ကို ပြည်ပကြွေးမြီများ မဆပ်နိုင်တော့သည့် အခြေအနေမှ ရှောင်လွဲရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အစည်း International Monetary Fund (IMF) က ဩဂုတ်လ (၃၀) ရက်နေ့တွင် ဒေါ်လာ (၁) ဘီလီယံ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ယခုနှစ် မုတ်သုန်ကာလ ရေကြီးမှုများအတွင်း ပါကစ္စတန်တွင် လူဦးရေ (၃၃) သန်းကျော် ရေဘေးသင့်နေပြီး လူ (၇) ဦးလျှင် (၁) ဦးနှုန်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ 

"ကျွန်တော်တို့ အခုမြင်နေရတာက ခရိုင်တစ်ခုလုံး ရေမြုပ်နေတာပဲ" ဟု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး Sherry Rehman က AFP သတင်းဌာနကို ဩဂုတ်လ (၂၉) ရက်တွင် ပြောသည်။

ပါကစ္စတန်တွင် ယခုနှစ် ရေကြီးရေလျှံမှုမှာ အဆိုးဆုံးအဖြစ် စံချိန်တင်ထားသည့် ၂၀၁၀ ခုနှစ်နှင့် နှိုင်းယှဥ်နိုင်သည်ဟုလည်း ဆိုသည်။

 ၂၀၁၀ ခုနှစ်က ရေကြီးမှုများအတွင်း ပါကစ္စတန်နိုင်ငံ၏ ငါးပုံတစ်ပုံ ရေမြုပ်ခဲ့ပြီး လူ (၂,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ 

ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က ယခုနှစ် မုတ်သုန်မိုးသည်းထန်မှုမျိုးကို လွန်ခဲ့သည့် နှစ် (၃၀) အတွင်း မကြုံခဲ့ဖူးဟု ပြောသည်။

ရက်သတ္တများနှင့်ချီ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုက်ပျိုးမြေဧက သန်းပေါင်းများစွာ ရေကြီးနစ်မြုပ်ခဲ့သည်။ 

နှစ်စဥ် မုတ်သုန်မိုးရွာသွန်းမှုမှာ အိန္ဒိယတိုက်ငယ်တစ်ခွင် ကောက်ပဲသီးနှံစိုက်ခင်းများ ရေရရှိမှုနှင့် ကန်များနှင့်ဆည်များ ရေဖြည့်တင်းမှုတို့အတွက် မရှိမဖြစ် အရေးပါသော်လည်း မိုးသည်းထန်မှုကြောင့် နှစ်စဥ်နှစ်တိုင်း ပျက်စီးဆုံးရှုံးများလည်း ဖြစ်ပေါ်နေသည်။

 

Source: BBC

Photo: GETTY IMAGES, EPA-EFE/REX/SHUTTERSTOCK,