ဩစတြေးလျနိုင်ငံသား (၈) သန်းကို ညစဥ်ညတိုင်း လျှပ်စစ်မီး (၂) နာရီကြာ ပိတ်ထားကြရန် တိုက်တွန်း

ဩစတြေးလျနိုင်ငံသား (၈) သန်းကို ညစဥ်ညတိုင်း လျှပ်စစ်မီး (၂) နာရီကြာ ပိတ်ထားကြရန် တိုက်တွန်း
By Mr John

 ဩစတြေးလျနိုင်ငံတွင် စွမ်းအင်အကျပ်အတည်း ကြုံတွေ့နေရမှုကြောင့် နိုင်ငံ၏အကြီးဆုံးမြို့ ဆစ်ဒနီ တည်ရှိရာ လူဦး‌ရေ (၈) သန်း နေထိုင်ကြသည့် New South Wales ပြည်နယ်အတွင်း အိမ်ထောင်စုများကို မီးများပိတ်ထားကြရန် စွမ်းအင်ဝန်ကြီးက တိုက်တွန်းလိုက်ကြောင်း သိရသည်။ 

စွမ်းအင်ဝန်ကြီး ခရစ်ဘိုဝင်က ပြည်သူများအနေဖြင့် ရွေးချယ်စရာရှိပါက ညစဥ်ညတိုင်း (၂) နာရီကြာ လျှပ်စစ်ဓာတ်အား မသုံးသင့်ကြောင်း ပြောသည်။ 

သို့သော် စွမ်းအင် အကျပ်အတည်းကြောင့် မီးပျက်ခြင်းကို ရှောင်နိုင်မည်ဟု ယုံကြည်ထားကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဩစတြေးလျ၏ လျှပ်စစ်ဓာတ်အား အဓိက ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီက ဓာတ်အားဖြန့်ဖြူးရောင်ချမှု ဆိုင်းငံ့လိုက်ပြီးနောက် စွမ်းအင်ဝန်ကြီး၏ ယခု တိုက်တွန်းချက် ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ 

New South Wales ပြည်နယ်တွင် နေထိုင်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို တတ်နိုင်သမျှ ချွေတာကြရန် ခရစ်ဘိုဝင်က တိုက်တွန်းခဲ့သည်။

"တကယ်လို့ တချို့ပစ္စည်းတွေကို ဘယ်အချိန်မှာ ဖွင့်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ရွေးချယ်လို့ရမယ်ဆိုရင် အဲဒါတွေကို ညနေ (၆) နာရီကနေ ည (၈) နာရီအထိ မဖွင့်ဘဲထားပါ" ဟု စွမ်အင်ဝန်ကြီးက ပြောသည်။ 

ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုအများဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် ဩစတြေးလျတွင် မေလမှစပြီး လျှပ်စစ်ဓာတ်အား အကျပ်အတည်းနှင့် ရုန်းကန်နေရသည်။

ဩစတြေးလျတွင် နိုင်ငံ၏ လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ လေးပုံသုံးပုံကို ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများက ထုတ်လုပ်နေဆဲဖြစ်သည်။ 

ထို့ကြောင့်လည်း ဩစတြေးလျမှာ ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် လုံလောက်သော ဆောင်ရွက်မှုမရှိကြောင်း ကာလရှည်ကြာ စွပ်စွဲခံနေခဲ့ရသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ကျောက်မီးသွေး ထုတ်လုပ်တင်ပို့မှု ပြတ်တောက်မှုမျာ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများတွင် ကျောက်မီးသွေးပြတ်လပ်မှုများနှင့် ကမ္ဘာတဝန်း စွမ်းအင်ဈေးနှုန်းများ မြင့်တက်မှုတို့၏ သက်ရောက်မှုကို ဩစတြေးလျတွင် ကြုံခဲ့ရသည်။ 

ယခုနှစ်အစောပိုင်းက New South Wales နှင့် Queensland ပြည်နယ်တို့ရှိ ကျောက်မီးသွေးတွင်းအချို့တွင် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး New South Wales တွင် အကြီးဆုံး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ကျောက်မီးသွေးထောက်ပံ့ပေးနေသည့် သတ္တုတွင်းနှစ်ခုတွင်လည်း နည်းပညာပြဿနာကြောင့် ထုတ်လုပ်မှုလျော့နည်းသွားခဲ့ကြေင်း သိရသည်။

Source: BBC