အကောင့်တုအချက်အလက်နှင့် ပတ်သက်ပြီး အီလွန်မက်စ်က Twitter ကို ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူမည့် ကိစ္စ ဆိုင်းငံ့

အကောင့်တုအချက်အလက်နှင့် ပတ်သက်ပြီး အီလွန်မက်စ်က Twitter ကို ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူမည့် ကိစ္စ ဆိုင်းငံ့
By Mr John

အကောင့်တုအချက်အလက်နှင့် ပတ်သက်ပြီး အီလွန်မက်စ်က Twtter ကို ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူမည့် ကိစ္စ ဆိုင်းငံ့

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ငွေသားပေးချေဝယ်ယူမည့် အရောင်းအဝယ်ကိစ္စကို ဆိုရှယ်မီဒီယာကုမ္ပဏီထံမှ ၎င်း၏ အကောင့်တုများပါဝင်မှု အချိုးအစားကို ရရှိရန်စောင့်ဆိုင်းနေစဥ် ယာယီဆိုင်းငံ့ထားမည်ဟု မေလ (၁၃) ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။

မက်စ်က Twitter တွင် အရောင်းအဝယ်ကိစ္စ ယာယီဆိုင်းငံ့ထားမည်ဟု ပြောကြားလိုက်ပြီးနောက် Twitter ရှယ်ယာဈေးနှုန်းမှာ ဈေးကွက်မဖွင့်မီ ကြိုတင်ရောင်းဝယ်ရာတွင် (၂၅) ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။



ထို့နောက် မက်စ်က Twitter ကို ဝယ်ယူရန် ကတိပြု သဘောတူညီထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

သဘောတူညီမှုအရ Twitter ကဖြစ်စေ၊ မက်စ်ကဖြစ်စေ အရောင်းအဝယ် ဖျက်သိမ်းပါက ဖျက်သိမ်းသည့်ဘက်က ဒေါ်လာ (၁) ဘီလီယံ ဖျက်သိမ်းကြေး ပေးရမည်ဖြစ်သည်။

Twitter က လွန်ခဲ့သည့် နှစ်ပတ်ကျော်တွင် ထုတ်ပြန်မှုအရ  အကောင့်တုများမှာ ယခုနှစ် ပထမ သုံးလအတွင်း နေ့စဥ် အသုံးပြုသူဦးရေ၏ (၅) ရာခိုင်နှုန်းအောက် လျော့နည်းကြောင်း သိရသည်။



သို့သော် လူအများအပြားထံသို့ စီးပွားဖြစ်ကြော်ငြာအတွက်နှင့် အခြား ရည်ရွယ်ချက်များဖြင့် အလိုအလျောက် လုပ်ဆောင်နေသည့် spam အကောင့်ပမာဏကို တွက်ချက်ရာတွင်မူ အမှန်တကယ်ရှိနေသည့် ထိုအကောင့်အရေအတွက်အတိုင်း အတိအကျ မဖြစ်နိုင်ကြောင်း Twitter က ပြောသည်။

Forbes မဂ္ဂဇင်း၏ အဆိုအရ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မက်စ်က ယခုအခါ အကောင့်တုနှင့် spam အကောင့်များနှင့် ပတ်သက်၍ ကိန်းဂဏန်းကို စစ်ဆေးနေသည်ဟု ဆိုသည်။



မက်စ်က Twitter တွင် အကောင့်တုနှင့် spam အကောင့်များ အရေအတွက်မှာ အသုံးပြု၏ (၅) ရာခိုင်နှုန်းအောက် အမှန်တကယ်ဖြစ်ကြောင်း တွက်ချက်မှုအသေးစိတ်ကို စောင့်ဆိုင်းနေစဥ် အရောင်းအဝယ်ကိစ္စ ယာယီဆိုင်းငံ့ထားမည်ဟု ပြောထားသည်။

မက်စ်က Twitter ကို ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူရန် ဧပြီလ (၂၅) ရက်နေ့တွင် သဘောတူညီမှုရခဲ့ခြင်း ဖြစ်သည်။ ထိုဈေးနှုန်းအရ Twitter ၏ ရှယ်ယာတစ်ခုမှာ ဒေါ်လာ (၅၄.၂၀) ဖြစ်သည်။



အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတွင် အခြေစိုက်ပြီး အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နေသည့် Twitter ကို ၂၀၀၆ ခုနှစ်တွင် ဂျက်ဒေါ်ဆင်က ဦးဆောင်ပြီး စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း စာရင်းအချက်အလက်တွေအရ Twitter တွင် ဝန်ထမ်းအရေအတွက် ၇,၅၀၀ ကျော်ရှိပြီး ကမ္ဘာတဝန်း အသုံးပြုသူ ၂၁၇ သန်းရှိကြောင်း သိရသည်။

Source: Reuters