ဘဏ်အပ်ငွေ ထုတ်ယူမှု ကန့်သတ်ထားသည့် လက်ဘနွန်နိုင်ငံတွင် ငွေထုတ်ယူရရှိရန် ဘဏ်ဝန်ထမ်းများကို ဓါးစာခံ ပြုလုပ်ပြီးမှ ငွေတောင်းထုတ်နေရ

ဘဏ်အပ်ငွေ ထုတ်ယူမှု ကန့်သတ်ထားသည့် လက်ဘနွန်နိုင်ငံတွင် ငွေထုတ်ယူရရှိရန် ဘဏ်ဝန်ထမ်းများကို ဓါးစာခံ ပြုလုပ်ပြီးမှ ငွေတောင်းထုတ်နေရ
စက်တင်ဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘဏ်အပ်ငွေ ထုတ်ယူမှု ကန့်သတ်ထားသည့် လက်ဘနွန်နိုင်ငံတွင် ဆေးကုသစရိတ်ပေးချေရန် ငွေထုတ်ယူရရှိရေးအတွက် ဘဏ်အတွင်း အနုကြမ်းစီးပြီး ဘဏ်ဝန်ထမ်းများကို ဓါးစာခံ ပြုလုပ်ပြီးမှ ငွေတောင်းထုတ်နေရသည့် ဖြစ်စဉ်များ စက်တင်ဘာလ၏ ဒုတိယပတ်တွင် ဖြစ်ပွားခဲ့သည်။

နောက်ပိုင်းတွင် ဘဏ်က ထိုအမျိုးသမီးကို အမေရိကန်ဒေါ်လာ (၁၃,၀၀၀) ထုတ်ပေးခဲ့ပြီးနောက် ၎င်းက ဘဏ်မှပြန်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၁၄) ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်တွင် အမျိုးသမီး အဖမ်းခံရခြင်းရှိ မရှိ အတိအကျ မသိရဟု ဆိုသည်။ 

ထိုနေ့ နောက်ပိုင်းတွင် Aley မြို့ရှိ ဘဏ်တစ်ခုတွင်လည်း အမျိုးသားတစ်ဦးက ၎င်း၏အပ်နှံငွေ ထုတ်ယူရရှိရန် အလားတူ ကြိုးပမ်းခဲ့ကြောင်း သိရသည်။ 

လက်ဘနွန်တွင် သီတင်းပတ်များအတွင်း ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပွားနေခဲ့သည်ဟု ဆိုသည်။ 

စီးပွားရေအကျပ်အတည်းကြောင့် ဘဏ်များက ငွေထုတ်ပေးကန့်သတ်ထားရာ လက်ဘနွန်ပြည်သူများကြား ဒေါသထွက်နေကြသည်။

လက်ဘနွန်တွင် ပြည်တွင်းသုံးငွေ တန်ဖိုးကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ဘဏ်များမှ ငွေသားထုတ်ယူမှုကို ကန့်သတ်ထားခဲ့သည်။

 ယခုအခါ လက်ဘနွန်က အဆိုးရွားဆုံးနှင့် ကာလရှည်ကြာ စီးပွားရေးကပ်ဆိုက်နေသည့် ကမ္ဘာ့နိုင်ငံတစ်ခုဖြစ်နေပြီး လူဦးရေ၏ (၈၀) ရာခိုင်နှုန်းကျော်မှာ ဆင်းရဲမွဲတေမှု အခြေအနေတွင် နေထိုင်နေကြရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါး ဝယ်ယူနိုင်ရန် ရုန်းကန်နေကြရသည်။

စက်တင်ဘာလ (၁၄) ရက်နေ့က ဘေရွတ်မြို့တော် Sodeco အရပ်ရှိ Blom ဘဏ်၏ ဘဏ်ခွဲတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်မှာ တစ်နာရီကြာခဲ့သည်ဟု ဆိုသည်။ 

ထိုဖြစ်ရပ်အတွင်း အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် ရိုက်ကူးထားသည့် ဗီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်နေခဲ့ပြီး ၎င်းမိသားစု၏ ဘဏ်စုငွေများ ထုတ်ပေးရန်တောင်းဆိုခဲ့သည်။

"ကျွန်မက ဆဲလ်လီဟာဖက်ဇ်ပါ။ ဒီနေ့ ကျွန်မ ရောက်လာတာက ဆေးရုံမှာ သေတော့မယ့် ကျွန်မ ညီမရဲ့ အပ်နှံငွေထုတ်ဖို့ပါ။ တစ်ယောက်ယောက်ကိုသတ်ဖို့ ဒါမှမဟုတ် မီးရှို့ဖို့ ကျွန်မ လာခဲ့တာမဟုတ်ဘူး။ ကျွန်မရဲ့ ရပိုင်ခွင့်ကို တောင်းဖို့လာခဲ့တာ" ဟု ထိုအမျိုးသမီးက ပြောဆိုခဲ့သည်။ 

ထိုအမျိုးသမီးနှင့် အဖော်အဖြစ်လိုက်ပါလာသူများမှာ လုံခြုံရေးတပ်ဖွဲ့များ ရောက်မလာမီ ဘဏ်အဆောက်အအုံ အနောက်ဘက်ရှိ ပြတင်းပေါက်ကနေ လွတ်မြောက်သွားခဲ့ကြသည်။

နောက်ပိုင်းတွင် ဆဲလ်လီဟာဖက်ဇ်၏ မိခင်ဆိုသူ အမျိုးသမီးက AlJadeed TV သတင်းဌာနကို ပြောကြားမှုအရ သမီးဖြစ်သူမှာ ၎င်း၏ညီမ ကင်ဆာရောဂါကုသရန်အတွက် ဆေးကုသစရိတ်ပေးရန် ငွေလိုအပ်နေမှုကြောင့် ဘဏ်တွင် ထိုသို့ အတင်းအကျပ် လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"ကျွန်မတို့ ဒီလို မလုပ်ခဲ့ဘူးဆိုရင် ကျွန်မရဲ့သမီး သေနိုင်တယ်" ဟု ဆဲလ်လီဟာဖက်ဇ်၏ မိခင်က ပြောသည်။

Aley မြို့တွင် ဖြစ်ပွားခဲ့သည့် အလားတူဖြစ်ရပ်တွင်မူ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးက Bankmed ဘဏ်၏ ဘဏ်ခွဲတစ်ခုအတွင်းသို့ ဝင်ရောက်လာပြီး ဘဏ်ကိုအပိုင်စီးကာ ၎င်း၏ စုဆောင်းအပ်နှံငွေ အမေရိကန်ဒေါ်လာ (၃၀,၀၀၀) ထုတ်ပေးခိုင်းခဲ့ခြင်း ဖြစ်သည်။ 

၎င်း၏ အပ်နှံငွေ ထုတ်ယူရရှိပြီးနောက် ထိုအမျိုးသားက ရဲတပ်ဖွဲ့က လက်နက်ချခဲ့ကြောင်း သိရသည်။

ဘဏ်မှ ငွေထုတ်မရမှုကြောင့် ပြည်သူများ ဒေါသအထွတ်အထိပ်ရောက်နေပြီဟု ဘဏ်အပ်နှံငွေ ထုတ်မရသူများအတွက် ကူညီပေးသည့် Depositors' Outcry အဖွဲ့မှ  အီဗရာဟင်မ် အဗ္ဗဒဲလာက ဆိုသည်။ 

"ကျွန်တော်တို့ ပြီးခဲ့တဲ့ (၃) နှစ်လုံး အစိုးရကို ပြောနေခဲ့တယ်။ ကျွန်တော်တို့ တောင်းဆိုခဲ့ကြပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဆန္ဒပြခဲ့ကြတယ်။ ဘယ်သူကမှ ကျွန်တော်တို့ရဲ့ကိစ္စကို စိတ်မဝင်စားကြဘူး" ဟု အီဗရာင်ဟမ်က Reuters သတင်းဌာနကို ပြောသည်။

ပြီးခဲ့သည့်လအတွင်း ဘေရွတ်မြို့ရှိ နောက်ထပ် ဘဏ်တစ်ခုတွင် အမျိုးသားတစ်ဦးက ဖခင်ဖြစ်သူ၏ ဆေးရုံစရိတ်အတွက် ဘဏ်အပ်နှံငွေ အမေရိကန်ဒေါ်လာ (၃၅,၀၀၀) ထုတ်ယူရရှိရန် ဘဏ်ဝန်ထမ်းများကို (၇) နာရီကြာ ဓားစာခံအဖြစ် ထိန်းသိမ်းထားမှု ဖြစ်ပွားခဲ့သေးပြီး ထိုဖြစ်ရပ်မှ အမျိုးသားကို တရားသူကြီးက ပြန်လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Source: Reuters, BBC