ယူကရိန်းသမ္မတ ဇီလန်းစကီး  G7 ထိပ်သီးအစည်းအဝေး တက်‌ရောက်မည်

ယူကရိန်းသမ္မတ ဇီလန်းစကီး  G7 ထိပ်သီးအစည်းအဝေး တက်‌ရောက်မည်
By Mr John

 ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ကျင်းပပြုနေသည့်  G7 (Group of Seven) နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီး တက်ရာက်မည်ဟု ယူကရိန်းလုံခြုံရေးအရာရှိတစ်ဦးက ပြောသည်။ 

G7 ထိပ်သီးအစည်းအ‌‌ဝေးကို ယူကရိန်းသမ္မတ တက်ရောက်ခြင်းက  ရုရှားအပေါ် ဖိအားပေးမှုအသစ်လည်း ဖြစ်လာကြောင်း သုံးသပ်ကြသည်။

ဇီလန်းစကီးက G7 ထိပ်သီး အစည်းအဝေး တတိယမြောက်နှင့် နောက်ဆုံးနေ့ဖြစ်သည့် မေလ (၂၁) ရက်နေ့တွင် တက်ရောက်မည်ဟု အမည်မဖော်သူ အစည်းအဝေး စီစဉ်သည့် အရာရှိ (၂) ဦးက ပြောကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

 "အလွန် အရေးကြီးတဲ့ အကြောင်းအရာတွေကို အဲဒီမှာ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ရာ ကျွန်တော်တို့ သမ္မတရှိနေဖို့ မဖြစ်မနေ လိုအပ်ပါတယ်"ဟု ယူကရိန်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Oleksiy Danilov က

 အစိုးရ ရုပ်မြင်သံကြားသတင်းဌာနကို ပြောသည်။

သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ယူကရိန်းသမ္မတ ဇီလန်စကီးက ယနေ့ မေလ (၂၀) ရက်နေ့ ညနေပိုင်းတွင် ဂျပန်သို့ ရောက်ရှိမည်ဟု သိရသည်။ 

ဆက်စပ်သတင်းအရ ယူကရိန်းသမ္မတ ဇီလန်းစကီးက ဂျပန်နိုင်ငံသို့ မလာရောက်မီ ဆော်ဒီအာရေဗီးယားနိုင်ငံသို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ခရီးစဥ်သွားရောက်ခဲ့ပြီး အာရပ်အဖွဲ့ချုပ် (Arab League) ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် ကျင်းပနေသည့် G7 ခေါင်းဆောင်များက ထိပ်သီးအစည်းအဝေးတွင် ရုရှားအ‌ပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များနှင့် တရုတ်ကို တန်ပြန်ရာတွင် ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကြေညာသွားမည်ဟု ခန့်မှန်းရသည်။

 (၄၉) ကြိမ်မြောက် G7 ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ ဟီရိုးရှီးမားမြို့တွင် ၂၀၂၃ခုနှစ် မေလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

Source: Reuters