ဖင်လန် ဝန်ကြီးချုပ် ပါတီတက်ပြီး သီဆိုက ခုန်နေမှုကြောင့် အတိုက်အခံများက ဝေဖန်

ဖင်လန် ဝန်ကြီးချုပ် ပါတီတက်ပြီး သီဆိုက ခုန်နေမှုကြောင့် အတိုက်အခံများက ဝေဖန်
သြဂုတ် 19, 2022 | နိုင်ငံတကာသတင်း
By Mr John

ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် စန်နာမာရင် (Sanna Marin) မှာ ပေါက်ကြားလာသော ဗီဒီယိုတစ်ခုအတွင်း ပါတီတက်ပြီး သီဆိုကခုန်နေသည့် သူမကို တွေ့ခဲ့ကြရပြီးနောက် အတိုက်အခံများ၏ တုံ့ပြန်ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသည်။ 

ဆိုရှယ်မီဒီယာမှ ရယူခဲ့သည့်ဟု ယူဆရသော ထိုဗီဒီယိုတွင် မာရင်နှင့် ဖင်လန်နိုင်ငံမှ ဆယ်လီများအပါအဝင် သူမ၏ သူငယ်ချင်းများ သီဆိုကခုန်နေသည်ကို တွေ့ရသည်။

ထိုဗီဒီယို ထွက်ပေါ်လာပြီးနောက် အတိုက်အခံ ပါတီများက ဝန်ကြီးချုပ်မာရင်ကို ဝေဖန်ခဲ့ကြပြီး အတိုက်အခံပါတီ ခေါင်းဆောင်တစ်ဦးကမူ သူမကို မူးယစ်ဆေးဝါးသုံးခြင်းရှိ မရှိ ဆေးစစ်မှုလုပ်ရန် တောင်းဆိုခဲ့သည်။ 

အသက် (၃၆) နှစ်အရွယ် မာရင်က မူးယစ်ဆေးဝါးသုံးခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး အရက်သာသောက်ခဲ့ကြောင်းနှင့် ပျော်ရွှင်စွာဖြင့် ပါတီတက်ခြင်းသာဖြစ်ကြောင်း ပြောခဲ့သည်။

ကမ္ဘာ့အသက်ငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်သူ မာရင်က ပါတီတက်ခြင်းကို လျှို့ဝှက်ထားလေ့မရှိဘဲ ဂီတဖျော်ဖြေပွဲများမှ သူမ၏ ဓာတ်ပုံများကိုလည်း ဆိုရှယ်မီဒီယာတွင် မကြာခဏ တင်လေ့ရှိသည်။ 

ယမန်နှစ်အတွင်း၌မူ COVID-19 ကူးစက်ခံထားရသူနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့ပြီးနောက် ကလပ်သွားခဲ့မိသည့်အတွက် မာရင်က တောင်းပန်ခဲ့သည်။

ငယ်ရွယ်ပြီး ရုပ်ရည်ချောမောလှပသည့် မာရင်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျာမန်သတင်းဌာန Bild က "ကမ္ဘာ့ပေါ်တွင် အလန်းဆုံးဝန်ကြီးချုပ်" အဖြစ် သုံးနှုန်းဖော်ပြခဲ့သည်ဟု ဆိုသည်။ 

ပါတီပွဲ ဗီဒီယိုနှင့်ပတ်သက်၍ ဩဂုတ်လ (၁၇) ရက်နေ့က မှတ်ချက်ပြုရာတွင် မာရင်က ဗီဒီယိုရိုက်နေသည်ကို သိရှိခဲ့သော်လည်း ထိုဗီဒီယိုမှာ လူသိရှင်ကြား ဖြစ်လာခဲ့မှုကြောင့် စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။

"ကျွန်မ ကတယ် သီချင်းဆိုတယ် ပါတီတက်တယ်။ လုံးဝ တရားဝင်တဲ့ အရာတွေပဲ။ အခြားသူတွေ မူးယစ်ဆေးဝါးသုံးနေတာကို တွေ့ရတဲ့ သို့မဟုတ် သိနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကျွန်မ ဘယ်တုန်းကမှ မရှိခဲ့ဘူး" ဟု မာရင်က ပြောသည်။ 

 

အတိုက်အခံပါတီခေါင်းဆောင် Riikka Purra က ဝန်ကြီးချုပ်မာရင်ကို မိမိသဘောဆန္ဒအလျောက် မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ မရှိ ဆေးစစ်မှုလုပ်ရန် တောင်းဆိုခဲ့ပြီး ယခုဖြစ်ရပ်က ဝန်ကြီးချုပ်အပေါ် သံသယအရိပ်တစ်ခု ဖြစ်ခဲ့သည်ဟု ပြောသည်။

အခြား အတိုက်အခံပါတီမှ နိုင်ငံရေးသမားများကလည်း ပိုအရေးကြီးသည့် ပြည်တွင်းရေးကိစ္စများအစား ပါတီတက်သည့်အကြောင်း ပြောနေခြင်းအတွက် ဝန်ကြီးချုပ်မာရင်နှင့် မီဒီယာကို ဝေဖန်ခဲ့ကြသည်။ 

ဝန်ကြီးချုပ်မာရင်ကမူ "ကျွန်မမှာ မိသားစုဘဝရှိတယ်။ ကျွန်မမှာ အလုပ်ရှိတယ်။ ပြီးတော့ ကျွန်မရဲ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းဖို့ အားလပ်ချိန်ရှိတယ်လေ။ ကျွန်မ အသက်အရွယ်ရှိတဲ့ တခြားလူတွေလိုပဲပေါ့" ဟု သတင်းထောက်များကို ပြောခဲ့သည်။

သူမ၏ ပြုမူနေထိုင်မှုပုံစံကို ပြောင်းလဲရန် မလိုအပ်ဟုလည်း မာရင်က ဆိုသည်။ 

"ကျွန်မက အခုအချိန်ထိ ကျွန်မဖြစ်တည်နေတဲ့ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ် ရှိနေမှာပါ။ ဒါကို လက်ခံလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်" ဟု ဝန်ကြီးချုပ်မာရင်က ပြောသည်။ 

မာရင်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး သူမပါတီ၏ ထောက်ခံမှုကို ဆက်ထိန်းထားနိုင်သူလည်း ဖြစ်သည်။

Source: BBC