ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲအတွင်း ထိုင်းမိဖုရားကဲ့သို့ ဝတ်ဆင်ခဲ့မှုဖြင့် တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲအတွင်း ထိုင်းမိဖုရားကဲ့သို့ ဝတ်ဆင်ခဲ့မှုဖြင့် တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ
စက်တင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုအတွင်း ထိုင်းမိဖုရားကဲ့သို့ ဝတ်ဆင်ခဲ့သည့် တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးအား ဘုရင်စနစ်ကို စော်ကားသည်ဟု တရားရုံးတစ်ရုံးက (၂)နှစ်အကြာတွင် ဆုံးဖြတ်ခဲ့ပြီးနောက် ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ 

၂၀၂၀ ခုနှစ်အတွင်း ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးဆန္ဒပြပွဲတွင် အသက် (၂၅) နှစ်အရွယ် Jatuporn 'New' Saeoueng က ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ထိုင်းမိဖုရားပုံစံ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည်။

သူမကမူ တော်ဝင်ထီးနန်းကို စော်ကားခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး ထိုင်းရိုးရာဝတ်စုံတစ်ခုကို ဝတ်ဆင်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောခဲ့သည်။ 

သို့သော် ထိုင်းနိုင်ငံက ဘုရင်နှင့် အခြား တော်ဝင်မိသားစုဝင်များအပေါ် ဝေဖန်မှုကို ပြင်းထန်သည့် ဥပဒေများဖြင့် တားမြစ်ထားမှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။ 

၂၀၁၉ ခုနှစ်တွင် ဘုရင်မဟာဗာဂျီရာလောင်ကွန်း နန်းတက်လာခဲ့ပြီးနောက်ပိုင်း အာဏာပိုင်များက ဘုရင်စနစ်ကို ‌ဝေဖန်မှုနှင့်ပတ်သက်သည့် ဥပဒေများကို တိုးမြှင့်ကျင့်သုံးလာခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောသည်။

ထိုင်းတွင် ဩဇာကြီးမားသည့် ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန် ဆန္ဒပြမှုများကို နှိမ်နင်းရန် ထိုဥပဒေများကို ပိုမိုအသုံးချလာသည်ဟု ဆိုသည်။ 

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစပြီး ဆန္ဒပြသူ အနည်းဆုံး (၂၁၀) မှာ ဘုရင်စနစ်ကို ဝေဖန်မှုနှင့်ဆက်စပ်သည့် ပြစ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရသည်။ 

ဘုရင်စနစ်ကို ဝေဖန်မှုအား တားမြစ်ထားသည့် ဥပဒေကို (၃) နှစ်ကြာ လက်တွေ့ကျင့်သုံးခြင်းမရှိခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် ပြန်လည်ကျင့်သုံးလာခဲ့ကြောင်း ထိုင်းဥပဒေရေးရာအုပ်စုများက ပြောသည်။

စက်တင်ဘာလ (၁၂) ရက်နေ့တွင် ထိုင်းတရားရုံးက Jatuporn ကို ထိုဥပဒေအရ ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအား လူ့အခွင့်အရေးအုပ်စုများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ 

တရားရုံးက Jatuporn ကို ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း (၂) နှစ်အဖြစ် ချက်ချင်း လျှော့ချခဲ့ကြောင်းလည်း သိရသည်။

၂၀၂၀ ခုနှစ် ဘန်ကောက်မြို့ ဆန္ဒပြပွဲတွင် Jatuporn က ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ကောဇောနီပေါ်တွင် လမ်းလျှောက်လာခဲ့ကာ သူမနှင့်အတူ အနောက်မှလိုက်ပါလာသူက ထီးမိုးပေးထားခဲ့သည်။ 

ကောဇော်နီပေါ်တွင် လမ်းလျှောက်လာစဥ် Jatuporn က ထိုင်နေကြသည့် ဆန္ဒပြသူများကို လက်ဆွဲနှုတ်ဆက်ခဲ့သေးရာ ထိုမြင်ကွင်းက ဘုရင်ဗာဂျီယာလောင်ကွန်း၏ မိဖုရားစုသီတာက အများပြည်သူဆိုင်ရာ အခမ်းအနားများကို တက်ရောက်သည့်ပုံစံနှင့် တူနေခဲ့သည်ဟု ဆိုသည်။

Jatuporn ကမူ "ကျွန်မ ဘယ်သူ့ကိုမှ လှောင်ပြောင်သရော်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အဲဒီနေ့က ဒီလိုပဲ ထိုင်းရိုးရာဝတ်စုံကို ဝတ်ခဲ့တာပါ" ဟု တရားရုံးအမိန့်မချမီ AP သတင်းဌာနကို ပြောခဲ့သည်။ 

ထိုင်းနိုင်ငံတွင် ဘုရင်စနစ်နှင့် စစ်အစိုးရအပေါ် ၎င်း၏ဩဇာလွှမ်းမိုးမှုကို ၂၀၂၀ ခုနှစ်က ကောဇောနီဆန္ဒပြပွဲအဖြစ် စီစဥ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Source: BBC