ဦးတေဇနှင့်သား (၂)ဦး၊ ဂျော်နသန်မျိုးကျော်သောင်း နှင့် ကုမ္ပဏီ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်နှင့် အဂတိကော်မရှင် ဥက္ကဌတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့စာရင်းတွင် ထည့်သွင်း

ဦးတေဇနှင့်သား (၂)ဦး၊ ဂျော်နသန်မျိုးကျော်သောင်း နှင့် ကုမ္ပဏီ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်နှင့် အဂတိကော်မရှင် ဥက္ကဌတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့စာရင်းတွင် ထည့်သွင်း

အာဏာသိမ်းစစ်တပ်အတွက် လက်နက်ဝယ်ယူရေး၊ စစ်အာဏာရှင် ပံ့ပိုးရေးလုပ်နေသည့် စီးပွားရေးသမား (၄)ဦးနှင့် ကုမ္ပဏီတစ်ခု၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌတို့ကို အာဏာသိမ်းတစ်နှစ်ပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက်သည်။

အာဏာသိမ်းစစ်တပ်အတွက် လက်နက်ဝယ်ယူရေး ပံ့ပိုးကူညီသူဟုထင်ရှားသည့် စီးပွားရေးသမား ဦးတေဇနှင့် သားများဖြစ်သည့် ထူးထက်တေဇ၊ ပြည့်ဖြိုးတေဇ၊ ဦးဂျော်နသန်မျိုးကျော်သောင်းနှင့် ၎င်း၏ KT Services and Logistics (KTSL) ကုမ္ပဏီလီမီတက်တို့ကို လည်းကောင်း၊ ရာထူးကိုအသုံးပြုကာ နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးယုတ်လျော့စေရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအဖွဲ့အစည်းများ ချိနဲ့ဆုတ်ယုတ်စေရန် စစ်အာဏာရှင်အတွက် ဆောင်ရွက်ပေးခဲ့ကြသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ် (ဦး)ထွန်းထွန်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် (ဒေါ်)သီတာဦးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ(ဦး)တင်ဦးတို့ကို လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်သူများအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ခိုင်မာသောထောက်ခံမှုကို ပြသသည့်အနေဖြင့် အဆိုပါ အရေးယူမှုများကို ယူနိုက်တက်ကင်းဒမ်းနှင့် ကနေဒါနိုင်ငံတို့ကလည်း ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

 

စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အာဏာသိမ်းပြီးချိန်မှစ၍  အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ (၁,၅၀၀) ခန့်ကို သတ်ဖြတ်ခဲ့ပြီး အစိုးရအရာရှိများ၊ အရပ်ဘက်နှင့် အလုပ်သမားရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် နိုင်ငံခြားသားများအပါအဝင် လူပေါင်း (၁၀,၀၀၀) ကျော်ကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။