ပါကစ္စတန်တွင် သန်းနှင့်ချီသော လူဦးရေအတွက် အရေးပါသည့် ဓာတ်အားပေးစက်ရုံကို ရေကြီးမှုမှ ကာကွယ်ရန် အသည်းအသန် ကြိုးပမ်းနေရ

ပါကစ္စတန်တွင် သန်းနှင့်ချီသော လူဦးရေအတွက် အရေးပါသည့် ဓာတ်အားပေးစက်ရုံကို ရေကြီးမှုမှ ကာကွယ်ရန် အသည်းအသန် ကြိုးပမ်းနေရ
စက်တင်ဘာ 13, 2022 | နိုင်ငံတကာသတင်း
By Mr John

ပါကစ္စတန်နိုင်ငံတွင် သန်းနှင့်ချီသော လူဦးရေအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသည့် ဓာတ်အားပေးစက်ရုံကို ရေကြီးမှုမှ ကာကွယ်ရန် အသည်းအသန် ကြိုးပမ်းနေရကြောင်း အစိုးရတာဝန်ရှိသူများက စက်တင်ဘာလ (၁၂) ရက်တွင် ပြောသည်။ 

ထိုဓာတ်အားပေးစက်ရုံရှေ့တွင် ရေနုတ်မြောက်တည်ဆောက်ခြင်း အပါအဝင် ရေကြီးမှုကာကွယ်ရေး အစီအမံများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ရက်များနှင့်ချီကြာ မိုးသည်းထန်မှုများကြောင့် ပါကစ္စတန်နိုင်ငံ၏ သုံးပုံတစ်ပုံမှာ ရေနစ်မြုပ်နေပြီး  သေဆုံးသူအရေအတွက် (၁၄၀၀) နီးပါးရှိခဲ့သည်။ 

ပါကစ္စတန်လူဦးရေ သန်း (၂၂၀) အနက် (၃၃) သန်းမှာ ရေဘေးသင့်နေကြပြီး လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြရကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုပမာဏ အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ခန့်မှန်းထားသည်။ 

ယခင်က ပျက်စီးဆုံးရှုံးမှုပမာဏကို အနည်းဆုံး ဒေါ်လာ (၁၀) ဘီလီယံရှိမည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။

ရေကြီးမှုအတွင်း နေအိမ်များ၊ လမ်းမများ၊ ရထားလမ်းများ၊ မွေးမြူရေးတိရိစ္ဆာန်များနှင့် လယ်ယာစိုက်ခင်းများ ပျက်စီးသွားခဲ့သည်။ 

ရေကြီးမှုအတွင်း နေအိမ်အလုံးပေါင်း (၁.၆) သန်း၊ သယ်ယူပို့ဆောင်ရေး လမ်းမများ (၃,၅၆၄) မိုင်၊ မွေးမြူရေးတိရိစ္ဆာန် အကောင်ရေ (၇၅၀,၀၀၀) ရေထဲမျောပါခဲ့ပြီး စိုက်ပျိုးမြေဧက (၂) သန်းကျော် ရေနစ်မြုပ်ခဲ့သည်ဟု စက်တင်ဘာလ (၇) ရက်နေ့က Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။

 

ယခုအခါ ရေကြီးမှု အဆိုးဆုံး ကြုံနေခဲ့ရသည့် Sindh ပြည်နယ်အတွင်း Dadu ခရိုင်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း ရေကြီးရေလျှံမှု မဖြစ်စေရန် အာဏာပိုင်များက ကြိုးပမ်းလုပ်ဆောင်နေကြရသည်။ 

ထိုစက်ရုံက ပြည်နယ်အတွင်းရှိ ခရိုင် (၆) ခုအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း သိရသည်။ 

ဓာတ်အားပေးစက်ရုံရှေ့ရှိ ရေနုတ်မြောင်းကို စစ်သားများက အားဖြည့်တည်ဆောက်နေကြကို စက်တင်ဘာလ (၁၁) ရက်နေ့က တွေ့ခဲ့ရသည်။

 

"ရေကြီးရေလျှံမှုဖြစ်ရင် ဓာတ်အားပေးစက်ရုံကို ကာကွယ်ဖို့ အစီအမံအားလုံးကို ဆောင်ရွက်ထားပြီးပါပြီ" ဟု အကြီးတန်း ခရိုင်အစိုးရအရာရှိ Syed Murtaza Ali Shah က စက်တင်ဘာလ (၁၂) ရက်နေ့တွင် Reuters သတင်းဌာနကို ပြောခဲ့သည်။ 

လျှပ်စစ်ဓာတ်အား ကီလိုဗို့ (၅၀၀) (500kV) ထုတ်လုပ်ပေးနေသည့် အဆိုပါ ဓာတ်အားပေးစက်ရုံကို ရေကြီးမှုမဖြစ်စေရေး သေချာစေရန် ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က ညွှန်ကြားထားကြောင်းလည်း သိရသည်။

Source: Reuters

Photo:  EPA-EFE/WAQAR HUSSEIN, AFP