တရုတ်တွင် COVID-19 ကြောင့်  Lockdown လုပ်လိုက်ရာ ခရီးသွား ၈၀၀၀၀ ကျော် သောင်တင် 

တရုတ်တွင် COVID-19 ကြောင့်  Lockdown လုပ်လိုက်ရာ ခရီးသွား ၈၀၀၀၀ ကျော် သောင်တင် 
By Mr John

တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုများကြောင့် Lockdown လုပ်လိုက်ရာ ထင်ရှားသည့် အပန်းဖြေစခန်းတစ်ခုတွင် ခရီးသွား ၈၀,၀၀၀ ကျော် သောင်တင်နေကြောင်း သိရသည်။ 

အာဏာပိုင်တွေက တရုတ်၏ ဟာဝိုင်အီဟု လူသိများသော Sanya မြို့တွင် COVID-19 ကူးစက်ခံရသူ (၂၆၃) ဦး တွေ့ရှိခဲ့ရပြီနောက် ဩဂုတ်လ (၆) ရက်နေ့မှစပြီး ထိုမြို့မှ လေယာဥ်နှင့်ရထားခရီးစဥ် အားလုံးကို ဖျက်သိမ်းလိုက်သည်။

ယခုအခါ ခရီးသွားများမှာ (၇) ရက်အတွင်း COVID-19 ကင်းရှင်းကြောင်း PCR စစ်ဆေးမှုအဖြေ (၅) ကြိမ်ရရှိထားပြီမှသာ Sanya မြို့မှ ထွက်ခွာခွင့်ရမည်ဟု ဆိုသည်။ 

တရုတ်က COVID-19 လုံးဝကင်းစင်ရေး "zero Covid" မူဝါဒါကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည့် တစ်ခုတည်းသော စီးပွားရေးအင်အားကြီးနိုင်ငံလည်း ဖြစ်သည်။

တရုတ်တွင် ကပ်ရောဂါစတင်ချိန်ကတည်းက သေဆုံးမှု ၁၅,၀၀၀ ထက် လျော့နည်းသည့် အရေအတွက်ရှိခဲ့ကြောင်း Jonns Hopkins တက္ကသိုလ်၏ အချက်အလက်များအရ သိရှိရသည်။ သို့သော် တရုတ်အစိုးရက လူအစုအပြုံလိုက်ကို စစ်ဆေးခြင်းနှင့် ဒေသအလိုက် Lockdown လုပ်ခြင်းတို့ အပါအဝင် တင်းကျပ်သည့် စည်းမျဥ်းများကြောင့် စီးပွားရေးထိခိုက်မှုအပေါ် စိုးရိမ်မှုများရှိနေသည်။

တရုတ်အာဏာပိုင်တွေက နိုင်ငံတောင်ပိုင်း Hainan ကျွန်းပေါ်ရှိ Sanya မြို့ကို ခရီးသွားများ လာရောက်မှုအများဆုံး အချိန်ကာလတွင် Lockdown လုပ်လိုက်ခြင်းလည်း ဖြစ်သည်။ ထိုမြို့တွင် စူပါမတ်ကက်များနှင့် ဆေးဆိုင်များကဲ့သို့ မရှိမဖြစ် နေရာများကိုမူ ဆက်လက် ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ဖျော်ဖြေရေးနေရာများကို ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ပိတ်ထားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

အာဏာပိုင်တွေက Sanya မြို့တွင် Lockdown လုပ်ထားစဥ်အတွင်း ဟိုတယ်အများအနေဖြင့် တည်းခိုခကို (၅၀) ရာခိုင်နှုန်း လျှော့ချပေးရန် ညွှန်ကြားထားသည်ဟု ဆိုသည်။ လတ်တလော လပိုင်းအတွင်း တရုတ်အာဏာပိုင်တွေက Lockdown သတ်မှတ်ခဲ့ခြင်းမှာ Sanya တစ်မြို့တည်းမဟုတ်ကြောင်းလည်း သိရသည်။

COVID-19 ကပ်ရောဂါ စတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင်လည်း ရောဂါလက္ခဏာမပြသည့် ကူးစက်ခံရသူ (၄) ဦး တွေ့ရှိရပြီးနောက် လူဦးရေ (၁) သန်းခန့် နေထိုင်ကြသည့် မြို့၏ ဆင်ခြေဖုံးနေရာတစ်ခုကို Lockdown လုပ်ခဲ့သေးသည်။ 

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့မှ မြို့ခံ (၂၅) သန်းမှာလည်း ဇွန်လအတွင်း Lockdown မရုပ်သိမ်းမီအထိ လနှင့်ချီကြာ တင်းကျပ်သည့် ကန့်သတ်ချက်များနှင့် နေထိုင်ခဲ့ကြရသည်။

Source: BBC