စားသောက်ဆိုင်တွင် ဗိုက်နာလာ၍ ကလေးမွေးရန် ဆေးရုံသွားရသော်လည်း စားပွဲ မရှင်းသေးရန် မှာခဲ့သည့် ထိုင်းအမျိုးသမီး

စားသောက်ဆိုင်တွင် ဗိုက်နာလာ၍ ကလေးမွေးရန် ဆေးရုံသွားရသော်လည်း စားပွဲ မရှင်းသေးရန် မှာခဲ့သည့် ထိုင်းအမျိုးသမီး
အောက်တိုဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံတွင် ကိုယ်ဝန်အရင့်အမာနှင့် အမျိုးသမီးတစ်ဦးက စားသောက်ဆိုင်တွင် စားသောက်နေစဥ် ဗိုက်နာလာ၍ ကလေးမွေးရန် ဆေးရုံသို့ အရေးပေါ် ထွက်သွားခဲ့ရသော်လည်း သူမ ပြန်လာစားနိုင်သဖြင့် စားပွဲ မရှင်းသေးရန် စားသောက်ဆိုင်ဝန်ထမ်းကို မှာခဲ့သည်ဟု ဆိုသည်။ 

စားသောက်ဆိုင်က CCTV မှတ်တမ်းမှ ရယူထားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ပုံကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့က Faecbook တွင်တင်ပြီး ထိုအကြောင်း မျှဝေထားသည်။

စားသုံးသူ ကိုယ်ဝန်ဆောင်တစ်ဦး ဗိုက်နာလာကြောင်း စားသောက်ဆိုင်ဝန်ထမ်းက မန်နေဂျာကို အကြောင်းကြားခဲ့သည်ဟု စားသောက်ဆိုင်က ဆိုသည်။ 

ထို့နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆေးရုံပို့ရန် စားသောက်ဆိုင်က အရေးပေါ် လူနာတင်ကား ဖုန်းဆက်ခေါ်ခဲ့သည်။ 

ဆေးရုံသို့သွားရမည့် ကိုယ်ဝန်ဆောင်က သူမ မှာထားသည့် အစားအစာများကို အနည်းငယ်မျှသာ စားရသေးကြောင်းနှင့် ဆေးရုံရောက်ပြီး ကလေးမမွေးဖြစ်ပါက ပြန်လာစားမည်ဖြစ်သဖြင့် စားပွဲမရှင်းသေးရန် စားသောက်ဆိုင်ဝန်ထမ်းကို မှာသွားခဲ့သည်။

စားသောက်ဆိုင်မန်နေဂျာက ထိုအမျိုးသမီးကို နောက် (၉) လ အခမဲ့ စားခွင့်ပေးမည်ဖြစ်ပြီး ယခုလောလောဆယ်တွင် ကလေးမွေးရန်သာ အာရုံစိုက်ရန် ဝန်ထမ်းမှတစ်ဆင့် ပြောခိုင်းခဲ့ကြောင်း သိရသည်။ 

နောက်ပိုင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးက ကလေးမွေးပြီးဖြစ်ကြောင်း အောက်တိုဘာလ (၁၇) ရက်နေ့၌ Facebook ပို့စ် တင်ထားသည်။ 

ဆရာဝန်က အောက်တိုဘာလ (၂၇) ရက်နေ့တွင် မွေးဖွားမည်ဟု ခန့်မှန်းထားသော်လည်း ရက်စော၍ မွေးခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောထားသည်။

 

Source: News9 Live