ထိုင်းဗိုလ်ချုပ်ကြီး၏ သားက  အင်တာနက်ဆယ်လီ ချစ်သူကို ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွား

ထိုင်းဗိုလ်ချုပ်ကြီး၏ သားက  အင်တာနက်ဆယ်လီ ချစ်သူကို ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွား
By Mr John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းဗိုလ်ချုပ်ကြီးတစ်ဦး၏ သားဖြစ်သူ လေတပ် ဗိုလ်လောင်းသင်တန်း တက်ရောက်နေသူက အင်တာနက်ဆယ်လီဖြစ်သည့် ၎င်း၏ချစ်သူ အမျိုးသမီးအား ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ် အဆုံးစီရင်သွားမှု ဖြစ်ပွားခဲ့သည်။

သေဆုံးနေသည့် ၎င်းတို့ (၂) ဦးကို ၂၀၂၃ခုနှစ် ဧပြီလ (၁၉) ရက်နေ့က ဘန်ကောက်မြို့ Asoke ရပ်ကွက်ရှိ တန်ဖိုးကြီး ဇိမ်ခံကွန်ဒိုတိုက်ခန်းတစ်ခန်းတွင် တွေ့ရှိခဲ့ရပြီး ယခုဖြစ်ရပ်ကို အိမ်တွင်းအကြမ်းဖက်မှုအဖြစ် ကောက်ချက်ချခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ အင်တာနက်ဆယ်လီတစ်ဦးဖြစ်သူ အသက် (၁၉) နှစ်အရွယ် Suptcha Prechajaroen (ခေါ်) Jijee အမည်ရှိ အမျိုးသမီးကို သူမ၏ချစ်သူ အသက် (၁၉) နှစ်အရွယ် Phumiphat Chaiwanichaya (ခေါ်) Ikkyu က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

 Ikkyu မှာ Armed Forces Academies Preparatory School တွင် တက်ရောက်နေသည့် လေတပ်ဗိုလ်လောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ဖခင်မှာ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Ikkyu က ချစ်သူကို ပစ်သတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။ 

၎င်းမှာ Jijee နှင့်အတူ ဧပြီလ (၁၈) ရက်နေ့က အိပ်ရာပေါ်တွင် သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကောက်ချက်ချသည်။ 

ရဲအရာရှိများက အခင်းဖြစ်နေရာတွင် စစ်ဆေးခဲ့ရာ (၉) မမ ပစ္စတိုသေနတ်တစ်လက်ကို တွေ့ရှိခဲ့ရပြီး Ikkyu က ထိုသေနတ်ကို လူသတ်မှုအတွက် အသုံးပြုခဲ့သည်ဟု ယူဆထားသည်။

Ikkyu ၏ ဆိုရှယ်မီဒီယာအကောင့်များကို စစ်ဆေးပြီးနောက် ၎င်းမှာ သေနတ်များကို စွဲလမ်းနှစ်သက်သူတစ်ဦး ဖြစ်ကြောင်း အာဏာပိုင်များက တွေ့ရှိခဲ့သည်။ 

၎င်း၏ ဆိုရှယ်မီဒီယာအကောင့်တွင် ကာဘိုင်သေနတ်နှင့် ရိုင်ဖယ်သေနတ်များ ပစ်ခတ်လေ့ကျင့်နေသည့် မှတ်တမ်းအများအပြား တင်ထားသည်ဟု ဆိုသည်။ 

ထို့အပြင် Ikkyu က ၎င်း၏ ချစ်သူ အမျိုးသမီးကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်အောင်လုပ်မည်ဟု မကြာခဏ ခြိမ်းခြောက်ထားသော မက်ဆေ့ချ်များကိုလည်း တွေ့ခဲ့ရသည်။

ထိုမက်ဆေ့ချ်များတွင် ဖုန်းမကိုင်ပါက သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ထားမှုလည်း ပါဝင်နေပြီး "ငါ မင်းကို ကျိန်းသေ ပစ်မှာ" ဟု ရေးထားသည်။

ထိုအမျိုးသား၏ အကြမ်းဖက်သည့် အပြုအမူကြောင့် သမီးဖြစ်သူက လွန်ခဲ့သည့် (၂) လတွင် ၎င်းကိုအဆက်ဖြတ်ခဲ့ကြောင်း Jijee ၏ ဖခင်ကလည်း ထုတ်ဖော်ပြောခဲ့သည်။ 

Ikkyu က သေနတ်များ မည်သို့ လက်ဝယ်ကိုင်ဆောင်ထားနိုင်ခဲ့ကြောင်းကို Jijee ၏ ဖခင်က မေးခွန်းထုတ်ခဲ့သည်။ 

ထိုင်းနိုင်ငံတွင် အမျိုးသားများက ၎င်းတို့၏ချစ်သူ အမျိုးသမီးများ သို့မဟုတ် အိမ်ထောင်ဘက်များကို တိုက်ခိုက်ခြင်း သို့မဟုတ် သတ်ပစ်ခြင်းမှာ လူမှုအသိုင်းအဝိုင်းအတွင်း အလွှာစုံတွင် ပုံမှန်ကြားနေကျ သတင်းဖြစ်လာနေပြီး အထူးသဖြင့် သဝန်တိုမှုနှင့် အမျိုးသမီးတစ်ဦးက လမ်းခွဲမည်ဟု ပြောလာသည့်အချိန်တွင် ထိုသို့ ကျူးလွန်မှုများရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ်အတွင်း Foundation for Promotion of Social Equality Together က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ နေ့စဥ် အနည်းဆုံး ထိုင်းအမျိုးသမီး (၇) ဦးမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးနှင့် လူမှုရေး ထိခိုက်မှုများရှိခဲ့ကြောင်း သိရှိရသည်။ 

ထိုင်းနိုင်ငံတွင် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အမျိုးသမီးများကို အကြမ်းဖက်သည့်အမှု (၃၀,၀၀၀) အထိရှိနေပြီး ကမ္ဘာတဝန်းတွင် အမြင့်ဆုံး အရေအတွက်ဟု ဆိုသည်။

Source: Khaosod

Photo: Khaosod