ပါကစ္စတန် ရေကြီးမှုအတွင်း နှစ် (၅,၀၀၀) သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ ဆိုးရွားစွာ ပျက်စီး

ပါကစ္စတန် ရေကြီးမှုအတွင်း နှစ် (၅,၀၀၀) သက်တမ်းရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ ဆိုးရွားစွာ ပျက်စီး
စက်တင်ဘာ 10, 2022 | နိုင်ငံတကာသတင်း
By Mr John

ပါကစ္စတန်နိုင်ငံရှိ ကမ္ဘာ့ရှေးအကျဆုံး လူသားများ အခြေချနေထိုင်ရာ နေရာတစ်ခုမှာ ရက်များနှင့်ချီကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သိသိသာသာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ 

ပါကစ္စတန်တွင် သမိုင်းတစ်လျှောက် အဆိုးဆုံး ရေကြီးရေလျှံမှုကို ရင်ဆိုင်နေရပြီး နိုင်ငံ၏ သုံးပုံတစ်ပုံ ရေနစ်မြုပ်နေသည်ဟု ဆိုသည်။

ယူနက်စကို (UNESCO) က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ထားသော Moenjodaro နေရာမှာ ကရာချိမြို့မှ (၃၁၆) မိုင်ကွာ Indus မြစ်ဝှမ်းတွင် တည်ရှိနေပြီး လွန်ခဲ့သော နှစ်ပေါင်း (၅,၀၀၀) ခန့် ကြေးခေတ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 

"ကံမကောင်းစွာနဲ့ ဒီနေရာမှာ အများကြီး ပျက်စီးမှုတွေ တွေ့ရပါတယ်" ဟု ပါကစ္စတန်နိုင်ငံ Singh ပြည်နယ်၏ Cultural, Tourism, & Antiquities Department ဌာနမှ UNESCO သို့ ပေးပို့သည့် စာတစ်စောင်တွင် ပြောထားသည်။

လက်ရှိတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာကို ရေကြီးမှုအတွင်း ၎င်းတို့၏ နေအိမ်များ ရေကြီးနေသည့် အနီးပတ်ဝန်းကျင်ရှိ ရေဘေးသင့်သူများအတွက် ယာယီနေထိုင်စရာအဖြစ် အသုံးပြုထားရကြောင်းလည်း ထိုစာတွင် ဖော်ပြထားသည်။ 

လူသားချင်းစာနာထောက်ထားမှုအရ ပြတိုက်၏ မြေညီထပ်၊ ဈေးဆိုင်များ၊ ကားပါကင်နှင့် အခြား နေရာများကို ယာယီခိုလှုံစရာအဖြစ် စီစဥ်ပေးထားသည်ဟု ဆိုသည်။

Moenjodaro ၏ ဖွဲ့စည်းတည်ဆောက်မှု အများစုကို ၁၉၂၀ ပြည့်လွန် နှစ်များအတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

UNESCO သို့ ပေးပို့သည့်စာတွင် ဖော်ပြထားသည့် ပုံများအရ Moenjodaro တွင် အုတ်များပြိုကျနေပြီး ရွှံ့နွံများ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။ 

ထိုစာထဲတွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နေရာကို အပြည့်အဝ ပြင်ဆင်မှုလုပ်ရန် ပါကစ္စတန်ရူပီးငွေ သန်း (၁၀၀) (အမေရိကန်ဒေါ်လာ ၄၅ သန်း) တောင်းခံထားကြောင်း သိရသည်။

ကမ္ဘာ့‌အမွေအနှစ်စာရင်းဝင် Moenjodaro နေရာကို ပြင်ဆင်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်စ်၏ ရေဘေးသင့် ပါကစ္စတန်နိုင်ငံသို့ ခရီးစဥ်အတွင်း UNESCO က ၎င်း၏ အရေးပေါ်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၃၅၀,၀၀၀) ခွဲဝေပေးသွားမည်ဟု ဆိုသည်။

Source: CNN

Photo: Supplied/Tariq Manzoor Chandio,