အမေရိကန်သမ္မတဟောင်းထရမ့်၏ ကုမ္ပဏီ(၂)ခုက (၁၅) နှစ်ကြာ အခွန်လိမ်လည်ထားကြောင်း စစ်ဆေးတွေ့ရှိ

အမေရိကန်သမ္မတဟောင်းထရမ့်၏ ကုမ္ပဏီ(၂)ခုက (၁၅) နှစ်ကြာ အခွန်လိမ်လည်ထားကြောင်း စစ်ဆေးတွေ့ရှိ
ဒီဇင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ Trump Organization အိမ်ခြံမြေလုပ်ငန်းစု၏ ကုမ္ပဏီ (၂) ခုက (၁၅) နှစ်ကြာ အခွန်လိမ်လည်မှု ကျူးလွန်နေခဲ့ကြောင်း တရားရုံးက ဒီဇင်ဘာလ (၆) ရက်နေ့တွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

Trump Organization လုပ်ငန်းစုက ကမ္ဘာတဝန်း ဟိုတယ်များ၊ ဂေါက်ကွင်းများနှင့် အခြား အိမ်ခြံမြေလုပ်ငန်းများ လုပ်ဆောင်နေသည်။

ထိုလုပ်ငန်းစုလက်အောက်ရှိ Trump Corp. နှင့် Trump Payroll Corp. ကုမ္ပဏီ (၂) ခုက ထိပ်တန်းအရာရှိများကို ပေးအပ်သည့်ငွေများနှင့် ပတ်သက်၍ အစီရင်ခံရန်နှင့် အခွန်ဆောင်ရန် ပျက်ကွက်ခဲ့မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။ 

အခွန်အာဏာပိုင်များကို လိမ်လည်မှု၊ ပူးပေါင်းကြံစည်မှုနှင့် စီးပွားရေးလုပ်ငန်း မှတ်တမ်းများကို လိမ်လည်ဖော်ပြမှု အပါအဝင် စွဲချက်အားလုံးအတွက် စီရင်ချက်ချပြီးနောက် ထရမ့်၏ကုမ္ပဏီမှာ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ (၁.၆) သန်း ပေးဆောင်ရမည်ဟု ဆိုသည်။

ယခုအမှုတွင် သမ္မတဟောင်းထရမ့်မှာ စွဲချက်တင်ခံရခြင်း မရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ၎င်းအတွက် တရားရေးဆိုင်ရာ ရိုက်ခတ်မှုတစ်ခုဟု ဆိုနိုင်သည်။

 နယူးယော့ခ်မြို့ရှိ ပြည်ထောင်စုတရားရုံးတွင် အမှုကြားနာစစ်ဆေးမှုကို ဦးဆောင်ခဲ့သူ တရားသူကြီး Juan Merchan လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့တွင် စီရင်ချက်ချမည်ဟု ပြောခဲ့သည်။

တရားရုံး၏ စီရင်ချက်အရ ပေးဆောင်ရမည့် ဒဏ်ကြေးငွေပမာဏမှာ Trump Organization လုပ်ငန်းစုကြီး၏ ကုမ္ပဏီတစ်ခုအတွက် မပြောပလောက်သော ပမာဏဖြစ်နိုင်သော်လည်း ထိုစီရင်ချက်က စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ခက်ခဲရှုပ်ထွေးစေနိုင်သည်ဟု ဆိုသည်။

 Trump Organization ၏ ရှေ့နေများက တရားရုံး စီရင်ချက်အပေါ် အယူခံဝင်သွားရန် စီစဥ်ထားကြောင်း ပြောခဲ့သည်။

အမေရိကန်သမ္မတဟောင်း ထရမ့်မှာ ၎င်းနှင့် ၎င်း၏ အရွယ်ရောက်ပြီး သားသမီးများက ဆယ်စုနှစ်တစ်ခုကြာ လိမ်လည်မှုတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း နယူးယော့ခ်ပြည်နယ် ရှေ့နေချုပ်က စွပ်စွဲထားသည့် ဒေါ်လာ သန်း (၂၅၀) ဒဏ်ကြေးငွေ ပေးဆောင်ရနိုင်သော တရားစွဲဆိုမှုကိုလည်း ရင်ဆိုင်နေရသည်။

 ရှေ့နေချုပ်က နယူးယော့ခ်ပြည်နယ်အတွင်း ကုမ္ပဏီတစ်ခုတွင် ထရမ့်နှင့် သားသမီးများကို အရာရှိတစ်ဦးအဖြစ် သို့မဟုတ် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခွင့် အမြဲတမ်း တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းနေကြောင်း CNN သတင်းက ဖော်ပြသည်။

 

Source: CNN, Reuters

Photo: REUTERS/Gaelen Morse,