အမေရိကန်သမ္မတဟောင်း ထရမ့်နှင့် ၎င်း၏ သားသမီး (၃) ဦး လိမ်လည်မှုဖြင့် တရားစွဲခံရ

Photo: REUTERS/Gary Cameron
Photo: REUTERS/Gary Cameron
အမေရိကန်သမ္မတဟောင်း ထရမ့်နှင့် ၎င်း၏ သားသမီး (၃) ဦး လိမ်လည်မှုဖြင့် တရားစွဲခံရ
စက်တင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ အရွယ်ရောက်ပြီး သားသမီး (၃) ဦးကို ၎င်းတို့၏ မိသားစုပိုင် စီးပွားရေးလုပ်ငန်းအား စုံစမ်းစစ်ဆေးပြီးနောက် နယူးယော့ခ်ပြည်နယ် ရှေ့နေချုပ်က လိမ်လည်မှုဖြင့် စက်တင်ဘာလ (၂၁) ရက်နေ့တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။ 

ပြည်နယ်ရှေ့နေချုပ်က တရားစွဲဆိုမှုတွင် ထရမ့်နှင့် ၎င်း၏သားသမီးများက လိမ်လည်မှုနှင့် လွဲမှားစွာတင်ပြမှု အများအပြားလုပ်ခဲ့ပြီး ချေးငွေနှင့် အခွန်သက်သာခွင့်များ ရရှိနိုင်ရန် အိမ်ခြံမြေတန်ဖိုးများကို မမှန်မကန် ဖော်ပြခဲ့ကြောင်း စွပ်စွဲထားသည်။

၂၀၁၁ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း Trump Organization က များစွာသော လိမ်လည်မှုလုပ်ရပ်များ ကျူးလွန်ခဲ့သည်ဟု တရားစွဲဆိုမှုက ပြောထားသည်။ 

နယူးယော့ခ်ပြည်နယ် ရှေ့နေချုပ် Letitia James က ထရမ့်နှင့် ၎င်း၏ သားသမီးများကို မည်သည့် နယူးယော့ခ် စီးပွားရေးလုပ်ငန်းတွင်မဆို အရာရှိများ သို့မဟုတ် ဒါရိုက်တာများအဖြစ် ဆောင်ရွက်ခြင်းမှ တားမြစ်ပေးရန် တရားရုံးကို တင်ပြထားသည်။ 

Trump Organization ကမူ မည်သည့်အမှားမျှ မရှိကြောင်း ငြင်းဆိုခဲ့သည်။

နယူးယော့ခ်ရှေ့နေချုပ်က တရားစွဲဆိုမှုတွင် ကမ္ဘာတဝန်း ဟိုတယ်များ၊ ဂေါက်သီးရိုက်ကွင်းများနှင့် အခြား အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေသည့် Trump Organization ကုမ္ပဏီ၊ ဒေါ်နယ်ထရမ့်၊ ၎င်း၏သားနှစ်ဦးဖြစ်သည့် ဒေါ်နယ်ထရမ့်ဂျူနီယာနှင့် အဲရစ်ထရမ့်နှင့် သမီးဖြစ်သူ အိုင်ဗင်ကာထရမ့်တို့ ပါဝင်နေကြောင်း သိရသည်။ 

Manhattan ရှိ နယူးယော့ခ်ပြည်နယ် တရားရုံးတွင် တရားစွဲဆိုမှုအရ ထရမ့်မိသားစုပိုင် Trump Organization ကုမ္ပဏီက ၂၀၁၁ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း နှစ်ပတ်လည် ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ချက်တွင် မမှန်မကန် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။

"သူ့သားသမီးတွေနဲ့ Trump Organization က အကြီးတန်း ကုမ္ပဏီအရာရှိတွေရဲ့ အကူအညီနဲ့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုကို ဒေါ်လာဘီလီယံနဲ့ချီ တိုးမြှင့်ဖော်ပြပြီး သူ့ကိုယ်သူ အလွန်အမင်း ချမ်းသာကြွယ်ဝသူဖြစ်စေပြီး စနစ်ကို လိမ်လည်လှည့်စားခဲ့တယ်" ဟု နယူးယော့ခ်ပြည်နယ် ရှေ့နေချုပ် Letitia James က ပြောသည်။ 

အမျိုးသမီးရှေ့နေချုပ် Letitia James မှာ နယူးယော့ခ်၏ စီနီယာအကျဆုံး ရှေ့နေတစ်ဦးလည်း ဖြစ်ပြီး လိမ်လည်မှုကြောင့် နစ်နာဆုံးရှုံးခဲ့သည့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း (၂၅၀) ကို ပြန်လည်ရရှိရန် ရည်မှန်းထားကြောင်းလည်း သူမက ဆိုသည်။

Source: BBC, Reuters