မက္ကစီကိုနိုင်ငံတွင် လိင်တူချစ်သူစုံတွဲများ ရာနှင့်ချီ စုပေါင်းလက်ထပ်ပွဲ ကျင်းပ

မက္ကစီကိုနိုင်ငံတွင် လိင်တူချစ်သူစုံတွဲများ ရာနှင့်ချီ စုပေါင်းလက်ထပ်ပွဲ ကျင်းပ
By Mr John

 မက္ကစီကိုနိုင်ငံ မက္ကစီကိုမြို့တွင် ရာနှင့်ချီသည့် လိင်တူချစ်သူစုံတွဲများနှင့် လိင်စိတ်ခံယူမှု ပြောင်းထားသူများက လက်ထပ်မင်္ဂလာပွဲများနှင့် ၎င်းတို့၏ လိင်အမျိုးအစားကို ပြောင်းလဲရန် စီမံအုပ်ချုပ်ရေးပိုင်ဆိုင်ရာ လုပ်ငန်းစဥ်များ ပြီးစီးမှု အထိမ်းအမှတ်ပွဲများကို  ကျင်းပခဲ့ကြသည်။ 

လူစုလူဝေးဖြင့် အခမ်းအနားကို မက္ကစီကိုမြို့တွင် နှစ်စဥ် ပြုလုပ်နေကျ gay pride march မတိုင်မီ တစ်ရက်အဖြစ်သည့် ၂၀၂၃ခုနှစ် ဇွန်လ (၂၃) ရက်နေ့တွင် ကျင်းပခဲ့ကြခြင်းလည်း ဖြစ်သည်။

လိင်တူချစ်သူစုံတွဲ (၁၂၀) ခန့်က "လက်ချင်းတွဲပြီး ဂုဏ်ယူစွာ ချီတက်ကြစို့" ဆောင်ပုဒ်အရ လက်ထပ်ထိမ်းမြားရန် လိုအပ်ချက်များ ကိုက်ညီကြကြောင်း မက္ကစီကိုမြို့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ယခုကဲ့သို့ လက်ထပ်ခြင်းဖြင့် လိင်တူချစ်သူစုံတွဲတစ်တွဲ၏ နိုင်ငံသားအဆင့်အတန်းကို တရားဝင်ဖြစ်စေပြီး ဥပဒေ အကျိုးခံစားခွင့်များ ရရှိမည်ဟု ဆိုသည်။

"ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူး။ အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်" ဟု အတူနေခဲ့ကြပြီးနောက် တရားဝင် လက်ထပ်ထိမ်းမြားသည့်အဆင့်သို့ ရောက်ရှိလာမှုအပေါ် အလွန်စိတ်လှုပ်ရှားမိကြောင်း သူမ၏ လက်တွဲဖော် Vaneza Garcia ကို လက်ထပ်လိုက်သည့် အသက် (၃၈) နှစ်အရွယ် Keila Espinoza က ဖွင့်ဟခဲ့သည်။

ထို့အတူ Edgar Mendoza ဆိုသူကလည်း ၎င်း၏ လက်တွဲဖော်နှင့် (၁၀) နှစ်ကြာ တွဲခဲ့ပြီးနောက် လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ 

"ဒါက အရမ်းအရေးကြီးတဲ့ စာရွက်စာတမ်းပါ။ စာရွက်တစ်ရွက် ဒါမှမဟုတ် လက်ထပ်ထိမ်းမြားမှုရဲ့ သင်္ကေတဆိုတာထက် ပိုပါတယ်။ ဒါက ကျနော့်မိသားစုကို ကျနော်ပေးနိုင်တဲ့ လုံခြုံမှုပဲ" ဟု ၎င်းကဆိုသည်။

မက္ကစီကိုနိုင်ငံက ၂၀၀၉ ခုနှစ်တွင် လိင်တူချင်းလက်ထပ်မှုကို တရားဝင်ခွင့်ပြုပေးခဲ့သည့် ပထမဆုံး လက်တင်အမေရိကနိုင်ငံလည်း ဖြစ်သည်။ 

ဇွန်လ (၂၃) ရက်နေ့တွင် လိင်တူချစ်သူစုံတွဲများ စုပေါင်းလက်ထပ်ပွဲ ကျင်းပခဲ့သည့်အပြင် လူ (၁၃၁) ဦးကလည်း ၎င်းတို့၏ လိင်အမျိုးအစားကို တရားဝင် ပြောင်းလဲဖော်ပြရန် လုပ်ငန်းစဥ်များ ပြီးစီးခဲ့ကြောင်း မက္ကစီကိုမြို့ အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

 

Source: Reuters

Photo: REUTERS/Raquel Cunha, Gerardo Vieyra / AP, Fernando Llano / AP,