သေဒဏ်ကွက်မျက်မှုများ အားလုံးကို တရားဝင် ဆိုင်းငံ့ထားရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ထိပ်တိုက်တွေ့ဆုံပြီး ပြောကြား

သေဒဏ်ကွက်မျက်မှုများ အားလုံးကို တရားဝင် ဆိုင်းငံ့ထားရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ထိပ်တိုက်တွေ့ဆုံပြီး ပြောကြား
သြဂုတ် 18, 2022 | နိုင်ငံရေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာ က အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မေတ္တာရပ်ခံချက်ကို အကောင်အထည်ဖော်ရန် နှင့် သေဒဏ်ပေးခံရသူများအပေါ် ကွက်မျက်မှုများ အားလုံးကို တရားဝင်ဆိုင်းငံ့ထားရန် အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်တွန်းပြောကြားလိုက်သည်။

"ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ကျွန်မ တိုက်တွန်းခဲ့ပါတယ်။"ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာက ထုတ်ပြန်ချက်တွင် ပြောထားသည်။

မြန်မာနိုင်ငံသို့  ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့က ရောက်ရှိလာသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာ သည် ဩဂုတ်လ(၁၇)ရက်နေ့၏ နေ့လည်ပိုင်းတွင် နေပြည်တော်၌ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည့် ဖြစ်ရပ်ဖြစ်သော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား လတ်တလော သေဒဏ်ပေးမှုများအပြီးတွင် အနာဂတ်ကွပ်မျက်မှုအားလုံးကို တရားဝင် ဆိုင်းငံ့ထားရန် အထူးသံတမန်က တိုက်ရိုက်တိုက်တွန်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး တောင်းဆိုချက်ကိုလည်း အထူးသံတမန်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားရှိသည်။

"ဩစတြေးလျ စီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ်ကို လွှတ်ပေးဖို့ ဩစတြေးလျအစိုးရရဲ့ အထူးတောင်းဆိုချက်ကိုလည်း ကျွန်မ အသိပေးပြောကြားခဲ့ပါတယ်။ ကျွန်မအနေနဲ့လည်း အကျဉ်းထောင်နဲ့အခြားနေရာတွေမှာ ထိန်းသိမ်းခံထားရတဲ့ ကလေးတွေ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်"ဟု  မစ္စနိုလင်းဟေဇာက ထုတ်ပြန်ချက်တွင် ပြောထားသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် နှင့် အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးက အထူးကိုယ်စားလှယ်ဘက်မှ ဆွေးနွေးခဲ့မှု အခြေအနေများကို သတင်းထုတ်ပြန်ထားသော်လည်း အာဏာသိမ်းစစ်ကောင်စီဘက်က "မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။"ဟုသာ သတင်းထုတ်ပြန်ထားရှိသည်ကို တွေ့ရသည်။

ယင်းသို့ တွေ့ဆုံစဉ် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရန်လည်း ထိပ်တိုက် တောင်းဆိုထားသည်။

#TachileikNewsAgency