ပါကစ္စတန်တွင် ဂျုံပေးဝေသည့် နေရာများ၌ အလုအယက် တိုးဝှေ့မှုကြောင့် လူအုပ်လဲပြိုပြီး အနည်းဆုံး (၅) ဦး သေဆုံး

Photo: REUTERS/Fayaz Aziz, 
Photo: REUTERS/Fayaz Aziz, 
ပါကစ္စတန်တွင် ဂျုံပေးဝေသည့် နေရာများ၌ အလုအယက် တိုးဝှေ့မှုကြောင့် လူအုပ်လဲပြိုပြီး အနည်းဆုံး (၅) ဦး သေဆုံး
By Mr John

ပါကစ္စတန်နိုင်ငံတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ရုန်းကန်နေရသည့် မိသားစုများကို ကူညီရန် အစိုးရကျောထောက်နောက်ခံပြု အစီအစဥ်တစ်ခုအရ ဂျုံများ အခမဲ့ပေးဝေနေသည့် နေရာများ၌ လတ်တလော သီတင်းပတ်များအတွင်း လူအုပ်စု လဲပြိုကျမှုကြောင့် အနည်းဆုံး လူ (၅) ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ နှစ် (၅၀) အတွင်း အမြင့်ဆုံးအဖြစ် (၃၀) ရာခိုင်နှုန်းအထက် မြင့်တက်နေခဲ့ရာ အစိုးရက ငွေကြေးဖောင်းပွမှုနှုန်း သက်ရောက်မှုကို လျော့ပါးသက်သာစေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် နိုင်ငံတဝန်း ဂျုံများ အခမဲ့ပေးဝေသည့် နေရာများ စီစဥ်ဆောင်ရွက်ထားရာ ထိုနေရာများသို့ လူဦးရေ ထောင်နှင့်ချီ စုရုံးရောက်ရှိလာကြသည်။

ပါကစ္စတန်တွင် အခြေခံကုန်ပစ္စည်းအတွက် ကုန်ကျစရိတ်များ တစ်ဟုန်ထိုး မြင့်တက်နေခဲ့ပြီး ဂျုံဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်အတွင်း (၄၅) ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ကြောင်းလည်း သိရသည်။ 

ပါကစ္စတန်အစိုးရက အစ္စလာမ်ဘာသာဝင်တို့၏ ရာမာဒန် ဥပုသ်လအတွင်း အထောက်အပံ့လိုအပ်နေသော သန်းနှင့်ချီသော မိသားစုများအတွက် ဂျုံများ အခမဲ့ပေးဝေမှု အစီအစဥ်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း စတင်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဂျုံပေးဝေသည့် နေရာများ၌ အမျိုးသမီး (၂) ဦး အပါအဝင် လူ (၄) ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ပြန်ကြားရေးဝန်ကြီး Amir Mir က Reuters သတင်းဌာနကို ပြောသည်။ 

သေဆုံးသူများအနက် (၂) ဦးမှာ ရောဂါအခံရှိပြီး ကျန်းမာရေးမကောင်းသူများလည်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

"အချို့နေရာတွေမှာ အလုအယက် ပြေးကြတာကြောင့် လဲပြိုကျပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်။ ပြည်နယ်ဝန်ကြီးချုပ် Mohsin Naqvi က ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်" ဟု ဝန်ကြီး Amir Mir က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပါကစ္စတန်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်ရှိ ဂျုံပေးဝေသည့် နေရာတစ်ခုတွင် နောက်ထပ် လူတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူများ၏ မှတ်တမ်းများတွင် ဖော်ပြသည်။ 

တာဝန်ရှိသူများ၏ မှတ်တမ်းများအရ ထရပ်ကားများနှင့် ဂျုံပေးဝေရေး နေရာများမှ ထောင်နှင့်ချီသည့် ဂျုံအိတ်များ လုယူခံခဲ့ရကြောင်းလည်း သိရသည်။ 

ပါကစ္စတန်တွင် မိသားစု (၅.၇) သန်းကျော်ကို ဂျုံပေးဝေရန် အမေရိကန်ဒေါ်လာ (၆၉.၇) သန်း သုံးစွဲသွားရန် စီစဥ်ထားကြောင်း Khyber Pakhtunkhwa ပြည်နယ် စားနပ်ရိက္ခာဝန်ကြီး Fazal Elahi က Reuters သတင်းဌာနကို ပြောသည်။

Source: Reuters