ထိုင်းနိုင်ငံတွင် နိုက်ကလပ်၊ ကာရာအိုကေ နှင့် အနှိပ်ခန်းများ ပုံမှန် ပြန်ဖွင့်တော့မည်

ထိုင်းနိုင်ငံတွင် နိုက်ကလပ်၊ ကာရာအိုကေ နှင့် အနှိပ်ခန်းများ ပုံမှန် ပြန်ဖွင့်တော့မည်
By Mr John

 ထိုင်းနိုင်ငံတွင် ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်များ ဖြေလျှော့မှုအဖြစ် နိုက်ကလပ်များ၊ ကာရာအိုကေဆိုင်များ၊ အရက်ဆိုင်များနှင့် အနှိပ်ခန်းများကို ပြည်နယ် (၃၁) ခုတွင် ဇွန်လ (၁) ရက်နေ့က စပြီး ပုံမှန်အချိန်များအတိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဟု COVID-19 အခြေအနေ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ Centre for Covid-19 Situation Administration (CCSA) က မေလ (၂၀) ရက်နေ့တွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ပြည်နယ် (၁၄) ခုမှာ COVID-19 စောင့်ကြည့်အဆင့် အစိမ်းရောင်ဇုန်ဖြစ်လာကြောင်းနှင့် ခရီးသွားလုပ်ငန်းစမ်းသပ်အဆင့် အပြာရောင်ဇုန်တွင် ပြည်နယ် (၁၂) ခုမှ (၁၇) ခုသို့ တိုးလာကြောင်း CCSA ပြောခွင့်ရအမျိုးသား Taweesilp Visanuyothin က ပြောသည်။ 

ယခင်က အနီးကပ်စောင့်ကြည့်အဆင့် အဝါရောင်ဇုန်အဖြစ် သတ်မှတ်ထားသော ပြည်နယ် (၆၅) ခုရှိခဲ့ရာမှ (၄၆) ခုသို့ လျော့နည်းသွားသည်ဟု ၎င်းကဆိုသည်။

အစိမ်းရောင်ဇုန်ဖြစ်လာသည့် ပြည်နယ် (၁၄) ခုမှာ Chai Nat, Trat, Nakhon Phanom, Nan, Buri Ram, Phichit, Ang Thong, Maha Sarakham, Yasothon, Lampang, Surat Thani, Surin, Udon Thani နှင့် Amnat Charoen တို့ ဖြစ်သည်။ 

အပြာရောင်ဇုန် ပြည်နယ် (၁၇) ခုတွင် Krabi, Bangkok, Kanchanaburi, Chanthaburi, Chon Buri, Chiang Rai, Chiang Mai, Nakhon Ratchasima, Nonthaburi, Narathiwat, Pathum Thani, Prachuap Khiri Khan, Phangnga, Phetchaburi, Phuket, Rayong နှင့် Songkhla တို့ ပါဝင်သည်။

CCSA ၏ သတ်မှတ်ချက်အရ အစိမ်းရောင်နှင့် အပြာရောင်ဇုန်တွင် ပါဝင်သော ပြည်နယ်များအတွင်း လူစုဝေးခြင်း သို့မဟုတ် ကျောင်းအဆောက်အအုံနှင့် အားကစားခန်းမများ အသုံးပြုခြင်းတို့ကို ကန့်သတ်ပိတ်ပင်ခြင်း မရှိတော့ကြောင်း သိရသည်။ 

အဝါရောင်ဇုန်တွင်မူ လူစု‌‌ဝေးခြင်းကို လူဦးရေ ၁,၀၀၀ အထိ ခွင့်ပြုထားပြီး ထိုဇုန်အတွင်းရှိ စာသင်ကျောင်းများတွင် ရောဂါထိန်းချုပ်ရေး စီမံဆောင်ရွက်ချက်များရှိမည် ဖြစ်သည်။

အဝါရောင်ဇုန်တွင် မိုးလုံလေလုံ အားကစားခန်းမများတွင် ပရိသတ်ပမာဏကို (၇၅) ရာခိုင်နှုန်း ခွင့်ပြုထားပြီး အဆောက်အအုံပြင်ပ အားကစားကွင်းများတွင် ပရိသတ်ခုံအရေအတွက် အားလုံးကို အသုံးပြုနိုင်သည်။ 

ဇုန်သုံးခုလုံးတွင် ရုပ်ရှင်ရုံများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြသနိုင်မည် ဖြစ်သည်။ 

မှတ်ပုံတင်ထားသည့် အရက်ဆိုင်များ၊ ဘားဆိုင်များ၊ ကာရာအိုကေဆိုင်များနှင့် အနှိပ်ခန်းများကို ဒေသခံ ကူးစက်ရောဂါဆိုင်ရာကော်မတီထံမှ ခွင့်ပြုချက်ရယူပြီး ပြန်လည်ဖွင်လှစ်နိုင်ကြောင်း Taweesilp Visanuyothin က ပြောသည်။

အရက်အရောင်းဆိုင်များနှင့် ဆိုင်ထိုင်အရက်သောက်မှုများကို ညသန်းခေါင်အချိန်အထိ ခွင့်ပြုထားသော်လည်း ဖန်ခွက်များ မျှဝေအသုံးမပြုရန်နှင့် အရက် အရောင်းမြှင့်တင်ပွဲများ မပြုလုပ်ရန် တားမြစ်ထားသည်။

ဆိုင်ရှင်များအနေဖြင့် ရောဂါထိန်းချုပ်ရေး အစီအမံများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

 "လူချင်းထိတွေ့မှုရှိတဲ့ အနှိပ်ခန်းတွေမှာ mask တပ်ထားရပါမယ်။ ရောဂါထိန်းချုပ်ရေး အစီအမံတွေ မလုပ်ထားတဲ့ နေရာတွေကို အစိုးရတာဝန်ရှိတွေက ပိတ်နိုင်ပါတယ်" ဟု Taweesilp Visanuyothin က ဆိုသည်။

အဆိုတော်များနှင့် ဂီတပညာရှင်များ အပါအဝင် ဝန်ဆောင်မှုပေးသူများမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားရမည်ဖြစ်ပြီး အပတ်စဥ် COVID-19 အမြန်စစ်ဆေးမှု Antigen test ပြုလုပ်ရမည်ဖြစ်သည်။ 

ဖျော်ဖြေရေးဝန်ဆောင်မှုနေရာများသို့ လာရောက်သူများမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်ကြောင်း အထောက်အထားပြသရမည်ဖြစ်ပြီး ကူးစက်လွယ်သည့်အုပ်စုတွင် ပါဝင်သူများအနေဖြင့် ထိုကဲ့သို့သော နေရာများကို ရှောင်သင့်ကြောင်းလည်း Taweesilp Visanuyothin က ပြောထားသည်။

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရသူနှင့် အနီးကပ် ထိတွေ့မှုရှိသူများ မဖြစ်မနေ ကွာရန်တင်းဝင်ရသည့် စည်းမျဥ်းကိုလည်း ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ထို့အတူ ထိုင်းနိုင်ငံသို့ လာရောက်ကြသည့် ကာကွယ်ဆေးမထိုးထားသော ခရီးသွားများ ကွာရန်တင်းဝင်ရန် လိုအပ်ချက်ကိုလည်း ဇွန်လ (၁) ရက်နေ့မှစပြီး ဖြေလျှော့သွားမည်ဖြစ်သည်။ 

၎င်းတို့မှာ ထိုင်းသို့ရောက်ရှိချိန်တွင် စစ်ဆေးရမည် သို့မဟုတ် ထိုင်းသို့မလာရောက်မီ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးထားသည့်အဖြေကို ပြသရမည်ဟု ဆိုသည်။

ခရီးသွားလုပ်ငန်းကို အဓိကအားထားသည့် ထိုင်းနိုင်ငံက နိုင်ငံတကာခရီးသွားဝင်ရောက်မှု ပိုမိုများပြားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

ယခုနှစ် ဇန်နဝါရီလမှ မေလလယ်ပိုင်းအထိ ထိုင်းနိုင်ငံသို့ ခရီးသွား (၁.၀၁) သန်း ဝင်ရောက်ခဲ့ကြောင်း နှင့် ယမန်နှစ် တစ်နှစ်လုံးတွင်မူ ထိုင်းသို့ ခရီးသွား ၄၂၇,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Source: Bangkok Post, Reuters