ထိုင်းနိုင်ငံတွင် ဘတ် (၄) သန်း တန်ဖိုးရှိ  တိုင်းရင်းဆေးဝါးနှင့် ဆေးဘက်ဝင်ထုတ်ကုန် အတုများ သိမ်းဆည်းရမိ

Photo: Wassayos Ngamkham
Photo: Wassayos Ngamkham
ထိုင်းနိုင်ငံတွင် ဘတ် (၄) သန်း တန်ဖိုးရှိ  တိုင်းရင်းဆေးဝါးနှင့် ဆေးဘက်ဝင်ထုတ်ကုန် အတုများ သိမ်းဆည်းရမိ
By Mr John

 ထိုင်းနိုင်ငံတွင် ရဲတပ်ဖွဲ့က ဘန်ကောက်နှင့် ပထွန်ဌာနီပြည်နယ်ရှိ နေရာ (၄) ခုကို စီးနင်းမှုအတွင်း ဘတ် (၄) သန်း တန်ဖိုးရှိ တိုင်းရင်းဆေးဝါးနှင့် ဆေးဘက်ဝင်ထုတ်ကုန် အတုများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံသားများက တရုတ်ခရီးသွားများအား တိုင်းရင်းဆေးဝါးများ ရောင်းချနေမှုများကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဘန်ကောက်နှင့် ပထွန်ဌာနီတွင် စီးနင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ခုနှစ် မေလ (၁၈) ရက်နေ့က ဈေးဆိုင် (၂) ဆိုင်၊ ဂိုဒေါင်တစ်ခုနှင့် နေအိမ်တစ်အိမ်ကို စီးနင်းရှာဖွေခဲ့ကြောင်း စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့ဌာနခွဲ Consumer Protection Police Division (CPPD) အကြီးအကဲ ရဲဗိုလ်ချုပ် Anan Nanasombat က ဆိုသည်။ 

တရားမဝင် ကျန်းမာရေးထုတ်ကုန်များကို ရှာဖွေရန် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဌာန Food and Drug Administration (FDA) မှ တာဝန်ရှိသူများက CPPD အရာရှိများနှင့် ပူးပေါင်း၍ နေရာ (၄) ကို စီးနင်းရှာဖွေခဲ့ကြောင်း ၎င်းက မေလ (၂၆) ရက်နေ့တွင် ပြောသည်။

ပထမဆုံး စီးနင်းရှာဖွေခဲ့သည့် ဘန်ကောက်မြို့ Huai Khwang ခရိုင်အတွင်းရှိ ဆိုင်တစ်ဆိုင်တွင် တိုင်းရင်းဆေးဝါးနှင့် ဆေးဘက်ဝင်ထုတ်ကုန် အတုများ (၄,၅၇၉) ခုကို တွေ့ရှိသိမ်းဆည်းခဲ့သည်။ 

ထိုခရိုင်အတွင်းရှိ နောက်ထပ် ဆိုင်တစ်ဆိုင်ကို ဆက်လက် ရှာဖွေခဲ့ရာ တိုင်းရင်းဆေးဝါးထုတ်ကုန်အတု (၁၂,၈၀၇) ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပထွန်ဌာနီပြည်နယ် Lam Luk Ka ခရိုင်ရှိ ဂိုဒေါင်တစ်လုံးကို စီးနင်းရှာဖွေရာတွင် တိုင်းရင်းဆေးဝါးအတု (၆၄,၉၀၀) ခု၊ ကုန်ပစ္စည်းဝယ်ယူရန် အမှာစာများ၊ ထုတ်ကုန်တံဆိပ်များ၊ ကုန်ကြမ်းပစ္စည်းများနှင့် ပါကင်ထုပ်ပိုးရန် ကိရိယာများကို သိမ်းဆည်းရမိခဲ့သည်။ 

ဘန်ကောက်မြို့ Bang Bon ခရိုင်ရှိ နေအိမ်တစ်အိမ်ကို စီးနင်းခဲ့ရာတွင်လည်း ဆေးဘက်ဝင်ထုတ်ကုန်အတု (၈,၆၅၂) ခု၊ ပါကင်ထုပ်ပိုးရန် ပြင်ဆင်ထားသော အခြား ထုတ်ကုန်များ၊ ကုန်ကြမ်းပစ္စည်းများနှင့် ထုတ်လုပ်ရေးကိရိယာများကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိခဲ့သည့် တိုင်းရင်းဆေးဝါးနှင့် ဆေးဘက်ဝင်ထုတ်ကုန် အတုများကို တံဆိပ် (၂၇) မျိုးဖြင့် ဈေးကွက်တွင် ရောင်းချနေခဲ့ပြီး အားလုံးမှာ အတုများဖြစ်ကြောင်း ရဲဗိုလ်ချုပ် Anan က ပြောသည်။ 

တိုင်းရင်းဆေးဝါးအတုများနှင့် ပတ်သက်၍ Samunprai Thai Siam ကုမ္ပဏီနှင့် အမှုဆောင်အရာရှိ (၃) ဦးကို CPPD အရာရှိများက မေလ (၂၅) ရက်နေ့တွင် ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သည်။ 

ကုမ္ပဏီအရာရှိ (၃) ဦးမှာ ထိုင်းနိုင်ငံသား တစ်ဦးနှင့် တရုတ်နိုင်ငံသား (၂) ဦးဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို တိုင်းရင်းဆေးဝါးအတုများ ထုတ်လုပ်ရောင်းချရန် ပူးပေါင်းကြံစည်မှု၊ တိုင်းရေးဆေးဝါးထုတ်ကုန်များကို ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်ရောင်းချမှု စွဲချက်များဖြင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးအက်ဥပဒေအရ အရေးယူထားသည်။ 

၎င်းတို့ (၃) ဦးလုံးက စွဲချက်များကို ဝန်ခံခဲ့ကြပြီး တိုင်းရင်းဆေးဝါးနှင့် ဆေးဘက်ဝင်ထုတ်ကုန် အတုများကို ထုတ်လုပ်ရောင်းချနေခဲ့သည်မှာ တစ်နှစ်ခန့်ကြာပြီဟု ထွက်ဆိုကြကြောင်း ရဲဗိုလ်ချုပ် Anan က ပြောသည်။

ဆက်လက် စုံစမ်းစစ်ဆေးမှုအရ တရုတ်နိုင်ငံသား အုပ်စုတစ်စုက တိုင်းရင်းဆေးဝါးအတုများ ထုတ်လုပ်ပြီး ခရီးသွားများ အထူးသဖြင့် တရုတ်ခရီးသွားများကို ရောင်းချရန်အတွက် ထိုင်းနိုင်ငံသားများကို ဝန်ထမ်းအဖြစ် ငှားရမ်းလုပ်ကိုင်ခဲ့ကြကြောင်း တွေ့ရှိခဲ့သည်။

 ၎င်းတို့၏ တိုင်းရင်းဆေးဝါးအတုများကို FDA ခွင့်ပြုချက်ရဖြစ်သည်ဟု ဝယ်ယူသူများ ယုံကြည်စေရန် FDA ခွင့်ပြုချက်ရ အခြား ထုတ်ကုန်များ၏ မှတ်ပုံတင်အမှတ်များကို အသုံးပြုခဲ့ကြကြောင်း သိရသည်။

Source: Bangkok Post