နေရပ်ပြန် မြန်မာများကို လာအိုနိုင်ငံဘက်တွင် COVID-19 စစ်ဆေးပြီး ပိုးမရှိမှသာ မြန်မာဘက်က လက်ခံတော့မည်

နေရပ်ပြန် မြန်မာများကို လာအိုနိုင်ငံဘက်တွင် COVID-19 စစ်ဆေးပြီး ပိုးမရှိမှသာ မြန်မာဘက်က လက်ခံတော့မည်

ဗျူဟာမှူးနှင့်အဖွဲ့ လာအိုဘက်သွား၍ဆွေးနွေးပြီးနောက် လာအိုဘက်တွင် COVID 19 စစ်ဆေးပြီး ပိုးမရှိသည့် နေရပ်ပြန်များကိုသာ မြန်မာဘက်၌ လက်ခံတော့မည်

မြန်မာအာဏာသိမ်းစစ်တပ်မှ ဗျူဟာမှူးဦးဆောင်သည့်အဖွဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့က လာအိုနိုင်ငံ၊ တုန်ဖိန်းမြို့တွင် အလွတ်သဘောသွားရောက်ဆွေးနွေးပြီးနောက် လာအိုဘက်မှ ယနေ့ပြန်ပို့မည့်အစီအစဉ်ကို လက်မခံတော့ဘဲ စာရင်းအသစ်ပြန်ကောက်ယူကာ လာအိုဘက်တွင် COVID 19 စစ်ဆေး၍ ပိုးမတွေ့သူများကိုသာ မြန်မာဘက်က လက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။

ဒီနေ့ မပို့တော့ဘူး ပြောတယ်။ ဒီဘက်မှာ ဆေးစစ်မယ်တဲ့။ ဆေးစစ်ပြီး ပိုးမတွေ့တဲ့သူတွေ စာရင်းကိုပဲ မနက်ဖြန် စာရင်းပို့ပေးရမည်ပြောတယ်။ ပိုးတွေ့တဲ့သူတွေက quarantine center မှာ (၁၄) ရက်နေရမှာ။ အဲဒီလူတွေကို သတ်မှတ်ရက်ပြည့်ပြီးမှ ပြန်ပို့ရမယ်လို့ မနေ့ကဆုံးဖြတ်ကြတယ်တဲ့

ဟု တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ (၉) ရက်နေ့တွင် ပြောသည်။

ယခင်က နှစ်နိုင်ငံညှိနှိုင်းထားချက်အရ ဩဂုတ်လ (၉) ရက်နေ့ဖြစ်သည့် ယနေ့တွင် လာအိုဘက်မှ နေရပ်ပြန် (၂၅၀) ကို မြန်မာဘက်ကလက်ခံရန် စီစဉ်ထားခြင်းဖြစ်သော်လည်း တာချီလိတ်မှ  စစ်ဗျူဟာအခြေချ(တာချီလိတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း ဦးဆောင်သည့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်၊ ခရိုင်ဆရာဝန်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေားမှူး ဦးတင်ဦးကျော်နှင့် မြို့မိမြို့ဖများမှ ယမန်နေ့က တုန်ဖိန်းတွင် လာအိုတာဝန်ရှိသူ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် သွားတွေ့ပြီးနောက် ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများကို ဇူလိုင်လ (၃၀) ရက်နေ့မှစ၍ အသုတ်လိုက်ခွဲ၍ လက်ခံမည်ဖြစ်ပြီး COVID 19 ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ အားလုံးအားကို လက်ခံမည်ဟု မြန်မာဘက်မှ ဗျူဟာမှူးဦးဆောင်သည့် အဖွဲ့က ဝမ်ပုံဆိပ်ကမ်းတွင် လာအိုတာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန်ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆွေးနွေးစဉ် ပြောကြားထားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ သဘောတူညီထားသော်လည်း ရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီက နေရပ်ပြန်လိုသူများအား COVID 19 စစ်ဆေးပြီးမှ ပြန်ပို့နေခဲ့ရာ နေရပ်ပြန်ရန်စာရင်းပေးထားသူအများအပြား နေရပ်ပြန်ရန် အခက်အခဲဖြစ်ခဲ့ကြပြီးနောက် ဩဂုတ်လ (၆) ရက်နေ့တွင် မြန်မာလုပ်သားထောင်ပေါင်းများစွာက ကုမ္ပဏီအား ဆန္ဒပြခဲ့ကြသည်။



ယင်းနေ့ညနေမှာပင် မြန်မာဘက်မှ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့်အဖွဲ့က မိုင်းမောဆိပ်ကမ်းဘက်သွားကာ လာအိုတာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး မြန်မာလုပ်သားများ အခက်အခဲဖြေရှင်းပေးရေးနှင့် နေရပ်ပြန်များ လက်ခံရေးကို သဘောတူခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက်အရ ဩဂုတ်လ (၈) ရက်နေ့က နေရပ်ပြန် (၂၇၆) ဦး ပြန်ခွင့်ရခဲ့ပြီး ယနေ့တွင် နောက်ထပ်နေရပ်ပြန် (၂၅၀) အား ဆက်လက်လက်ခံရန်ဖြစ်သော်လည်း ယမန်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ လက်ခံတော့မည်မဟုတ်ကြောင်း သိရသည်။

လာအိုနိုင်ငံဘက်တွင် အခက်အခဲဖြစ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် နေရပ်ပြန်ခွင့်ရရန် လပေါင်းများစွာစောင့်ဆိုင်းပြီးနောက် ဇူလိုင်လ (၃၀) ရက်နေ့က (၃၃) ဦး၊ ဩဂုတ်လ (၁) ရက်နေ့တွင် (၂၂၁) ဦးနှင့် ဩဂုတ်လ (၃) ရက်နေ့က (၁၆၇)ဦးတို့ကို လာအိုဘက်က PCR ဖြင့်စစ်ပြီး ပြန်လွှဲပေးခဲ့ရာ ဝမ်ပုံဆိပ်ကမ်း၌ ပြန်လည်စစ်ဆေးမှုအတွင်း ပထမအသုတ်တွင် COVID 19 ပိုးတွေ့သူ (၁) ဦး၊ ဒုတိယအသုတ်တွင် ပိုးတွေ့သူ (၂၇)ဦးနှင့် တတိယအသုတ်တွင် ပိုးတွေ့သူ (၈၃) ဦးတွေ့ခဲ့ရခြင်းဖြစ်သည်။