တာချီလိတ်တွင် နှစ်သစ်ကူးကာလ အသွားအလာများ၍ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့နေ

တာချီလိတ်တွင် နှစ်သစ်ကူးကာလ အသွားအလာများ၍ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့နေ
ဒီဇင်ဘာ 24, 2019
By Tachileik News Agency
တာချီလိတ်တွင် နှစ်သစ်ကူးကာလ အသွားအလာများ၍ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့နေ

နှစ်သစ်ကူး ကာလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားတွင် ပုံမှန်ထက် မော်တော်ယာဉ်ဖြတ်သန်းမှု ပိုများလာရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂၄) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်ကစပြီး ယာဉ်ကြောပိတ်ဆို့နေ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားတိုးပြီး ယာဉ်ကြောရှင်းလင်းပေးနေရသည်။

"မနက်ပိုင်း ကတည်းက ပိတ်နေတာ။ နှစ်ကူးနီးပြီဆိုတော့ သွားကြ လာကြတာ များတာလည်းပါမယ်။ ပုံမှန်ဆို စနေ၊ တနင်္ဂနွေလောက်ပဲ လမ်းပိတ်တာ။ တစ်ပတ် (၃)ရက် (၄) ရက်လောက်က ပုံမှန်လိုဖြစ်နေတယ်။ ဘာကြောင့်ပိတ်တယ် ပြောမရဘူး"ဟု  မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားမှ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ကျနေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားအတက်နေရာမှစတင်ပြီး ပုန်းထွန်ရပ်ကွက်လမ်းမအထိ ယာဉ်တန်းရှည် စောင့်ဆိုင်းနေရသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် (၂) ဦးဖြင့်သာ ယာဉ်ကြောရှင်းလင်းပေးနေရာမှ ယာဉ်ထိန်းရဲ (၄) ဦးအထိ အင်အားဖြည့်၍ ရှင်းလင်းပေးနေသော်လည်း နေ့လယ် (၁၂)နာရီအထိ ယာဉ်ကြောပိတ်ဆို့နေဆဲဖြစ်သည်။

"တံတား (၂)ကနေ ပေးသွားသင့်တာ ပေးသွားဖို့ လိုနေပြီ အခုလို ရပ်တန့်စောင့်ဆိုင်းရတာ အချိန်အရမ်းကုန်တယ်၊ တာချီလိတ်က တာဝန်ရှိသူများအနေနဲ့လည်း တံတား(၁)က အခြေအနေတွေကို လာရောက် ကြည့်ပါ၊ဦးလို့"ဟု ပုန်းထွန်ရပ်ကွက်နေ ကိုနေဆန်းက ပြောသည်

မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ရေးအတွက် ကုန်သွယ်ရေး အတွက်သာ သီးသန့်အသုံးပြုနေသည့် ချစ်ကြည်ရေးအမှတ်(၂)တံတားမှ လူနာတင်ယာဉ်နှင့် ကျောင်းကြိုပို့ကားများကို ဖြတ်သန်းခွင့်ပြုထားခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခြင်းမရှိသေး၍ ကမ္ဘာလှည့်ခရီးသွားကားများနှင့် အိမ်စီးကားများကိုပါ တံတား(၂)မှ ထပ်မံဖြတ်သန်းခွင့်ပြုရန် နှစ်နိုင်ငံနယ်ခြားကော်မတီအစည်းအဝေးတွင် ထိုင်းနိုင်ငံဘက်မှ တောင်းဆိုထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~