တာချီလိတ်မြို့တွင် ဧည့်စာရင်းတိုင်ခများကို မြို့နယ်အုပ်ချုပ်ရေးမှူးက မတောင်းခိုင်းသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က တောင်းနေပြီး အချို့ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ခ ဘတ်(၅၀)အထိ ပေးနေရ

တာချီလိတ်မြို့တွင် ဧည့်စာရင်းတိုင်ခများကို မြို့နယ်အုပ်ချုပ်ရေးမှူးက မတောင်းခိုင်းသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က တောင်းနေပြီး အချို့ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ခ ဘတ်(၅၀)အထိ ပေးနေရ
ဇန်နဝါရီ 28, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဧည့်စာရင်းတိုင်ကြားသူများအပေါ် ငွေကြေးကောက်ခံမှုများ မပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက အသိပေး ထားသော်လည်း တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ဧည့်စာရင်းခများ တောင်းခံနေလျက်ရှိပြီး ပေးရသည့် ဧည့်စာရင်းခမှာ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် တူညီမှုမရှိကြောင်း သိရသည်။ 

"ဧည့်စာရင်းတိုင်ခ တစ်ယောက်ကို ဘတ်(၂၀)ပေးရတယ်။ တစ်ပတ်တစ်ခါ ပေးရတယ်။ လူဦးရေများရင် များသလို ဧည့်စာရင်းတိုင်ခက များတော့၊ ဧည့်စာရင်းမတိုင်ဘဲ နေလိုက်တဲ့အခါ တခါတလေ လိုအပ်လို့ ထောက်ခံစာသွားယူရင် ဧည့်စာရင်း တိုင်ထားတာမရှိလို့ ထောက်ခံစာပေးလို့မရဘူး ဘာညာနဲ့ ရစ်ခံရတယ်"ဟု ဆေခမ်းရပ်ကွက်အတွင်းနေသူ တစ်ဦးက Tachileik News Agency ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ပြောပြသည်။

အလားတူ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာအတွင်းနေထိုင်သူများကလည်း ပေးရသည်ဟု ဆိုသည်။ 

"ဝမ်မိုင်ဘက်မှာလည်း ဧည့်စာရင်းတိုင်ခ (၂၀)ပေးရတယ်။ တခြားရပ်ကွက်တော့ မသိဘူး၊ ဝမ်မိုင်ရွာမှာတော့ တကယ်ပေးနေရတယ်"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ဝမ်ကောင်းရပ်ကွက်တွင်လည်း ဧည့်စာရင်းတိုင်ကြားခများကို ပေးရသည်မှာ အခြားရပ်ကွက်ထက်များပြီး ရပ်ကွက်ရုံးက တာဝန်ရှိသူများနှင့် နီးစပ်ပါက မပေးရဟုလည်း ဆိုသည်။

"ဝမ်ကောင်းဘက်မှာ တစ်ယောက်ကို ဘတ်(၅၀)ပေးရတယ်။ တချို့တော့ ပေးရလား၊ မပေးရလား မသိပေမဲ့ ကျွန်တော်တော့ ပေးခဲ့ရတယ်။ (၃)ယောက်အတွက်ဆိုရင် ဘတ်(၁၅၀)ပေးရတယ်။ တချို့ကတော့ ရပ်ကွက်ရုံးက လူတွေနဲ့သိရင် မပေးရတာလည်းရှိတယ်"ဟု ဝမ်ကောင်းရပ်ကွက်အတွင်းနေထိုင်သူ အမည်မဖော်လိုသူတစ်ဦးက   ပြောသည်။

အချို့ရပ်ကွက်များတွင် အိမ်ခန်းငှားနေသူ ကိုယ်တိုင်မဟုတ်ဘဲ အိမ်ရှင် သို့မဟုတ် အိမ်ခန်းငှား တာဝန်ခံတို့က ဧည့်စာရင်းတိုင်ခ နှင့် မှတ်ပုံတင်ယူဆောင်ပြီး ရပ်ကွက်ရုံးသို့ သွားရောက်ကာ ဧည့်စာရင်းတိုင်ကြားပေးရသည်များ ရှိသည်ဟုသိရသည်။

"ကျွန်တော်တို့တော့ ကိုယ်တိုင်တော့သွားမတိုင်ရဘူး။ အိမ်ငှားက တာဝန်ရှိသူတွေကပဲ ဧည့်စာရင်းခ တစ်ယောက်(၂၀) ဆိုပြီး တောင်းလို့ ဧည့်စာရင်းခ နဲ့ မှတ်ပုံတင်ပေးပြီး လိုက်တာနဲ့သူတို့ သွားတိုင်ပေးမယ်။ ဧည့်စာရင်းတိုင်တိုင်း တစ်ယောက် ဘတ် (၂၀)ပေးရတာ ပုံမှန်ပဲ"ဟု ဆန်ဆိုင်း(က)ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်တွင် ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(ခ)၊ ဆန်ဆိုင်း(က)၊ မယ်ခေါင်၊ ရန်အောင်မြေ၊ ဝိန်းကျောက်၊ ပါဆတ်နှင့် ဆေခမ်းရပ်ကွက်တို့ ပါဝင်သည်။

ဧည့်စာရင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့တွင် ဧည့်စာရင်းတိုင်းကြားမှုကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများကသာ လက်ခံပေးနေသော်လည်း ဧည့်စာရင်း စစ်သည့်အခါမျိုးတွင် ယခုလို ကာလအတွင်း၌ နယ်မြေခံ စစ်တပ်က ဦးစီးပြီး ဧည့်စာရင်းစစ်သည့်အတွက် ဧည့်စာရင်းစစ်မည့် နေ့နှင့်အချိန်များကို မိနစ်(၃၀)အလိုလောက်ကြမှ သိရသည့် အဖြစ်များလည်း ရှိသည်ဟု ကြားသိရသည်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားဝင်အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးတစ်ဦးတို့ကိုသာ လစာပေး၍ တရားဝင် ခန့်ထားခြင်း ဖြစ်သော်လည်း ရပ်ကွက်ရုံးများတွင် အုပ်ချုပ်ရေးအဖွဲ့နှင့် မသက်ဆိုင်သူများ ရှိနေပြီး အချို့မှာ အုပ်ချုပ်ရေးမှူးထက် အာဏာပြလိုသူ နှင့် လုပ်စားသူများလည်း ရှိနေသည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက မသိသလိုနေသည်ဟုလည်း ရပ်ကွက်နေသူအချို့က ပြောသည်။

 မှတ်ချက် - သတင်းတွင် ပြောကြားထားသူများကို ၎င်းတို့၏ လုံခြုံရေးအရ အမည်မဖော်ပြခြင်း ဖြစ်သည်။