ထိုင်းနိုင်ငံ ကျန်ချနဘူရီပြည်နယ်တွင် တစ်ပတ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ (၈၀) ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ကျန်ချနဘူရီပြည်နယ်တွင် တစ်ပတ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ (၈၀) ဦး အဖမ်းခံရ
By Mr John

 ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် တစ်ပတ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား (၈၀) ဦး ဖမ်းဆီးခံရသည်။ 

၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့ နံနက်ပိုင်းက ကန်ချနဘူရီပြည်နယ် Thong Pha Phum ခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား (၅၈) ဦး ဖမ်းဆီးခံရသည်။

ဒေသဆိုင်ရာ အစိုးရအရာရှိများ၊ စစ်သားများနှင့် ရဲတပ်ဖွဲ့က ရေလှောင်တမံတစ်ခုအနီး တောအုပ်နေရာတစ်ခုတွင် ပုန်းအောင်နေသည့် အမျိုးသား (၄၅) ဦးနှင့် အမျိုးသမီး (၁၃) ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Thong Pha Phum ခရိုင်အုပ်ချုပ်ရေးမှူး Chakrit Tanpiroon က ပြောသည်။ 

၎င်းတို့အားလုံးမှာ ခရီးသွားလာမှုဆိုင်ရာ တရားဝင် စာရွက်စာတမ်း မပါရှိသော မြန်မာနိုင်ငံသားများ ဖြစ်ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရမည်ဟု ကတိပြုထားသော အလုပ်ပွဲစားများကို တစ်ဦးလျှင် ဘတ် (၁၅,၀၀၀) မှ (၂၅,၀၀၀) ပေးခဲ့ရကြောင်း စစ်ဆေးမေးမြန်းမှုအတွင်း ၎င်းတို့က အာဏာပိုင်များကို ပြောခဲ့သည်။ 

ဖမ်းဆီးခဲ့သည့် မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်ရန် ဒေသခံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့သည်။

ယခုဖြစ်စဥ်မှာ ကန်ချနဘူရီတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် မြန်မာနိုင်ငံသားများ ဒုတိယအကြိမ် အဖမ်းခံရမှုလည်း ဖြစ်သည်။ 

၂၀၂၄ ခုနှစ် မတ်လ (၁၃) ရက်နေ့ကလည်း အမျိုးသား (၁၇) ဦးနှင့် အမျိုးသမီး (၅) ဦး ပါဝင်သော တရားမဝင် ရွှေ့ပြောင်းလာသည့် မြန်မာနိုင်ငံသား (၂၂) ဦးကို Thong Pha Phum ခရိုင်၌ပင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 ၎င်းတို့မှာ ထိုင်းတွင် အလုပ်ရရှိရန်အတွက် ပွဲစားများကို ဘတ် (၁၃,၀၀၀) မှ ဘတ် (၁၅,၀၀၀) ကြား ပေးခဲ့ရကြောင်း ထွက်ဆိုကြသည်။

 

Source: Bangkok Post