တည်းခိုခ တစ်ည ကျပ်(၆)သိန်းကျော်တန်သည့် 'ဇီးရိုးစတား ဟိုတယ်'

Photo:  REUTERS/Denis Balibouse
Photo: REUTERS/Denis Balibouse
တည်းခိုခ တစ်ည ကျပ်(၆)သိန်းကျော်တန်သည့် 'ဇီးရိုးစတား ဟိုတယ်'
By Mr John

ဆွစ်ဇာလန်နိုင်ငံမှ အတွေးအမြင် အနုပညာရှင် အမြွှာညီအစ်ကိုနှစ်ဦးက ကမ္ဘာ့အကျပ်အတည်းတွေအပေါ်  ဟိုတယ်တွင် တည်းခိုလေ့ရှိသူများ တွေးတောမိစေရန် ရည်ရွယ်ပြီး ထူးခြားသည့် အနုပညာပြကွက် တင်ဆက်မှုတစ်ခုအဖြစ် 'ဇီးရိုးစတားဟိုတယ်' 'zero star hotel' ကို ဖန်တီးပြသခဲ့သည်။ 

ဟိုတယ်များတွင် တည်းခိုသူများထံမှ အိပ်၍ မရကြောင်း၊ အခန်းက ဆူညံလွန်းကြောင်း မကျေမနပ် ပြောဆိုမှုများ ရှိတတ်သည်ဟု ဆိုသည်။

ဟိုတယ်အခန်းတွင် တည်းခိုအိပ်စက်ရသော်လည်း မကျေမနပ်ဖြစ်သူများအနေဖြင့် လက်ရှိ ကမ္ဘာ့အကျပ်အတည်းများကို ဂရုစိုက်မိစေရန် Riklin အမြွှာညီအစ်ကိုက ရည်ရွယ်ခဲ့သည်။ 

၎င်းတို့နှစ်ဦး ဖန်တီးထားသည့် ဟိုတယ်အခန်းမှာ ပလက်ဖောင်းတစ်ခုပေါ်တွင် နှစ်ယောက်အိပ်ကုတင်တစ်လုံးနှင့်အတူ အိပ်ယာဘေးတွင်ထားသည့် စားပွဲငယ်နှစ်လုံးနှင့် မီးအိမ်ငယ်များသာ ပါရှိသည်။ 

အနုပညာပြကွက် ဟိုတယ်အခန်းတွင် အမိုးအကာမရှိ၊ တံခါးမရှိသလို မည်သည့် သီးသန့်နေရာမျှ မပါဝင်ပေ။

အဆိုပါ လဟာပြင် ဟိုတယ်အခန်းကို ဆွစ်ဇာလန်တောင်ပိုင်း Valais နယ်မြေ Saillon ကျေးရွာရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်နှင့်ကပ်လျက် လမ်းဘေးတစ်နေရာတွင် ဖန်တီးပြသခဲ့ကြသည်။ 

"အိပ်တာက အဓိက မဟုတ်ဘူး။ အရေးကြီးတာက လက်ရှိ ကမ္ဘာ့အခြေအနေကို ပြန်သုံးသပ်ဖို့ပဲ။ ဒီမှာနေခြင်းက လူ့အဖွဲ့အစည်းထဲမှာ အရေးပေါ်ပြောင်းလဲမှုတွေ လိုအပ်တဲ့အကြောင်း ထုတ်ပြန်ချက်တစ်ခုပဲ" ဟု Frank Riklin က ပြောသည်။

ရာသီဥတုပြောင်းလဲမှု၊ စစ်ပွဲ၊ ပြီးပြည့်စုံမှုအတွက် လူသားများ၏ အဆုံးမဲ့ စူးစမ်းရှာဖွေမှုနှင့် ကမ္ဘာကို ပျက်စီးစေမှုကဲ့သို့ အကြောင်းအရာများကို တွေးတောဆင်ခြင်ရန် ၎င်းတို့၏ အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေမည့် 'ဇီးရိုးစတားဟိုတယ်' ကို လာရောက်ကြရန် Riklin ညီအစ်ကိုက ဖိတ်ခေါ်ခဲ့သည်။ 

"အခုအချိန်က အိပ်ဖို့အချိန် မဟုတ်ဘူး။ ကျွန်တော်တို့ တုံ့ပြန်ဆောင်ရွက်ရမှာပါ။ ဒီနေ့ ဦးတည်ရာအတိုင်း ကျွန်တော်တို့ ရှေ့ဆက်မယ်ဆိုရင် သာယာချမ်းမြေ့ဖွယ်ရာ နေရာတွေထက် သာယာချမ်းမြေ့မှုမရှိတဲ့ နေရာတွေ ပိုများလာနိုင်ပါတယ်" ဟု Patrik Riklin က ပြောသည်။

Riklin ညီအစ်ကိုက 'ဇီးရိုးစတားဟိုတယ်' အနုပညာပြကွက်ကို ဟိုတယ်ပိုင်ရှင် Daniel Charbonnier နှင့် အတူပူးပေါင်း ဖန်တီးခဲ့ခြင်းဖြစ်ပြီး နောက်ထပ်လည်း အလားတူ အနုပညာဖန်တီးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ 

'ဇီးရိုးစတားဟိုတယ်' အခန်းတွင် သောက်စရာနှင့် နံနက်စာ ဝန်ဆောင်မှုများပါဝင်ပြီး ဇူလိုင် (၁) ရက်မှ စက်တင်ဘာ (၁၈) ရက်အထိ လာရောက်တည်းခိုနေထိုင်နိုင်မည် ဖြစ်သည်။ 

မပြည့်စုံသော တစ်ညတာ တည်းခိုနေထိုင်ပြီး အိပ်စက်ရန်အတွက် အမေရိကန်ဒေါ်လာ (၃၃၇) ဒေါ်လာ (မြန်မာကျပ်ငွေ ၆ သိန်းကျော်) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Source: Reuters