အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် အနည်းဆုံး လူ (၁၅) ဦး သေဆုံး

Photo: Wajo Regional Disaster Management Agency
Photo: Wajo Regional Disaster Management Agency
အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် အနည်းဆုံး လူ (၁၅) ဦး သေဆုံး
By Mr John

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းတွင် မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် အနည်းဆုံး လူ (၁၅) ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ၂၀၂၄ ခုနှစ် မေလ (၄) ရက်နေ့တွင် ပြောသည်။ 

ရေကြီးမှုအတွင်း ဒါဇင်နှင့်ချီသော နေအိမ်များ ရေထဲမျောပါသွားပြီး လမ်းမများ ပျက်စီးခဲ့သည်။ 

အင်ဒိုနီးရှားတွင် မိုးရာသီကာလအတွင်း မြေပြိုမှုများ ဖြစ်လေ့ရှိပြီး အချို့နေရာများ၌ သစ်တောပြုန်းတီးမှုကြောင့် မြေပြိုမှုကို ပိုမိုဆိုးရွားစေသည်။

အချိန်ကြာရှည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လည်း အင်ဒိုနီးရှား၏ နေရာဒေသအချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိသည်။ 

၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁) နာရီကျော်အချိန်က တောင်ပိုင်း ဆူလာဝေစီပြည်နယ်ရှိ Luwu နယ်မြေတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဌာန BNPB ၏ ပြောခွင့်ရပုဂ္ဂိုလ် Abdul Muhari က ပြောသည်။

"Luwu နယ်မြေမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် စုစုပေါင်း ဒေသခံ (၁၄) ယောက် သေဆုံးခဲ့ပါတယ်" ဟု ၎င်းက အတည်ပြုခဲ့သည်။ 

ရေကြီးမှုနှင့် မြေပြိုမှုအတွင်း နေအိမ် (၁၀၀) ကျော်မှာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး နေအိမ် (၄၂) လုံး ရေထဲမျောပါသွားခဲ့ကြောင်းနှင့် လမ်းမ (၄) ခုနှင့် တံတားတစ်စင်း ပျက်စီးခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ရေကြီးမှုကြောင့် လူ (၁၀၀) ကျော်ကို ဗလီများ နှင့် ဆွေမျိုးများ၏ နေအိမ်များသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ရေဘေးသင့် မိသားစု (၁,၃၀၀) ကျော်ကို ရွှေ့ပြောင်းပေးရန် အာဏာပိုင်များက ကြိုးပမ်းနေကြောင်း သိရသည်။ 

နေရာအချို့တွင် ရေပြန်ကျနေပြီ ဖြစ်သော်လည်း Luwu နယ်မြေတွင် နံနက်အစောပိုင်း ဖြစ်ပေါ်ခဲ့သော ရေကြီးမှုအတွင်း မိသားစု (၁,၃၀၀) ကျော် ရေဘေးသင့်ခဲ့ကြပြီး နေအိမ် (၁,၈၀၀) ကျော် ပျက်စီးခဲ့ကြောင်း BNPB က ထုတ်ပြန်သည်။

တောင်ပိုင်း ဆူလာဝေစီပြည်နယ်၏ နောက်ထပ် နေရာတစ်ခုတွင်လည်း ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့ ရေကြီးမှုအတွင်း အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြား လူ (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Abdul က ပြောသည်။ 

၂၀၂၄ ခုနှစ် မတ်လအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းတွင် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ (၃၀) ဦး သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်သည်။

Source: CNA

Photo: Wajo Regional Disaster Management Agency