အွန်လိုင်းပေါ်မှတဆင့် ချစ်သူဖြစ်ခဲ့ရသည့် အသက်(၅၀)ကျော် ထိုင်း လယ်သမားကြီးက  ချစ်သူများနေ့တွင် လက်ထပ်ရန် မိုင် (၇၅၀) နီးပါး ခရီးရှည်ကို (၁)လအကြာ ခြေကျင်လျှောက်လာခဲ့

အွန်လိုင်းပေါ်မှတဆင့် ချစ်သူဖြစ်ခဲ့ရသည့် အသက်(၅၀)ကျော် ထိုင်း လယ်သမားကြီးက  ချစ်သူများနေ့တွင် လက်ထပ်ရန် မိုင် (၇၅၀) နီးပါး ခရီးရှည်ကို (၁)လအကြာ ခြေကျင်လျှောက်လာခဲ့
ဖေဖော်ဝါရီ 15, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် အသက် (၅၂) နှစ်အရွယ် လယ်သမားကြီးတစ်ဦးက ဆိုရှယ်မီဒီယာတွင် တွေ့ဆုံချစ်ကြိုက်ခဲ့သည့် ၎င်း၏ချစ်သူကို ဖေဖေါ်ဝါရီလ (၁၄) ရက် ချစ်သူများနေ့ Valentine's Day တွင် လက်ထပ်ရန် (၇၄၅) မိုင် (၁,၂၀၀ ကီလိုမီတာ) ခရီးရှည်ကို (၁)လအကြာ လမ်းလျှောက်လာခဲ့ကြောင်း သိရသည်။ 

Nakhon Nayok ပြည်နယ်မှ Suthep Promjit အမည်ရှိ လယ်သမားကြီး၏ လမ်းလျှောက်တစ်ခါ ပြေးတစ်လှည့်ဖြင့် မိုင်ပေါင်းရာချီ ခရီးရှည်ကြီးမှာ ထိုင်းနိုင်ငံ တောင်ပိုင်း Satun ပြည်နယ် Thung Wa ခရိုင်ရုံးတွင် ချစ်သူများနေ့အမီ ပြီးဆုံးခဲ့သည်။

ထိုနောက် ခရိုင်ရုံးတွင် ၎င်း၏ချစ်သူ အသက် (၅၆) နှစ်အရွယ် Thanapa Khiaw-on အမည်ရှိ ဈေးသည် အမျိုးသမီးကြီးနှင့် လက်ထပ်ခဲ့သည်။ 

၎င်းတို့စုံတွဲကို ရိုးရာဝတ်စုံများ ဝတ်ဆင်၍ ရိုးရာအကများဖြင့် ကပြကြသည့် အမျိုးသမီးများ အပါအဝင် လူအုပ်စုက ဝန်းရံအားပေးခဲ့ကြသည်။ 

 

ချစ်သူနှင့်လက်ထပ်ရန် ခရီးရှည်ကြီးကို ခြေကျင်လျှောက်လာခဲ့သူ လယ်သမားကြီးက ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ထိုင်းနိုင်ငံ အလယ်ပိုင်း Nakhon Nayok ပြည်နယ်ရှိ ၎င်း၏နေအိမ်မှ စတင်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ယခု ခရီးရှည်ကြီးအတွက် Suthep က ကိုယ့်ကိုယ်ကိုယ် လနှင့်ချီကြာ ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။ 

လယ်သမားကြီးက ထိုင်းတောင်ပိုင်း Satun ပြည်နယ်အတွင်းသို့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။ 

၎င်းက တစ်နေ့လျှင် ပျမ်းမျှအားဖြင့် (၂၄) မိုင် (၃၉ ကီလိုမီတာ) ခန့် လမ်းလျှောက်ခဲ့သည်ဟု ဆိုသည်။ 

လယ်သမားကြီးက ၎င်း၏ ခရီးရှည်ကြီးတွင် မည်သည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အခြေအနေကို ဆိုရှယ်မီဒီယာတွင်တင်လေ့ရှိပြီး လမ်းတစ်လျှောက်ရှိ ပြည်သူလူထုက ၎င်းကို အားပေးခဲ့ကြသည်။

ထိုင်းအလယ်ပိုင်းမှ လယ်သမားကြီးနှင့် ထိုင်းတောင်ပိုင်းမှ ဈေးသည် အမျိုးသမီးကြီးတို့မှာ လွန်ခဲ့သည့် (၅) လက ဆိုရှယ်မီဒီယာတွင် ဖူးစာဆုံခဲ့ကြခြင်း ဖြစ်သည်။

 ထိုအမျိုးသမီးကြီးက မျှင်ငါးပိနှင့် ပင်လယ်စာအခြောက်များ ရောင်းချသူဖြစ်ပြီး TikTok အသုံးပြုလေ့ရှိသူဟု ဆိုသည်။ 

လယ်သမားကြီး Suthep က သူမ ဈေးရောင်းနေစဥ် TikTok မှတစ်ဆင့် ပထမဆုံး မိတ်ဆက်စကား ပြောလာခဲ့ကြောင်း ဈေးသည် အမျိုးသမီးကြီး Thanapa က ပြောသည်။

Suthep က သူမထံသို့ ပန်းစည်းပုံများ ပို့ခဲ့ပြီး မျှင်ငါးပိ မှာကြားဝယ်ယူခဲ့သည်ဟု ဆိုသည်။ 

နောက်ပိုင်းတွင် Thanapa က မျှင်ငါးပိ အရသာ ကောင်း/မကောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လယ်သမားကြီးကို မေးမြန်းခဲ့သည်။ 

သူမက ဈေးသည်တစ်ဦးအဖြစ် ဝယ်သူများကို ထိုသို့ မေးမြန်းလေ့ရှိသည်ဟု ဆိုသည်။ 

ထို့နောက် Suthep နှင့် Thanapa တို့က အွန်လိုင်းတွင် အပြန်အလှန် စကားပြောဆိုကြရင်း ပိုမိုရင်းနှီးလာခဲ့ကြသည်။

နောက်ဆုံးတွင် လယ်သမားကြီး Suthep က Thanapa ကို ချစ်သူရှိလားဟု မေးမြန်းလာခဲ့ကြောင်း သိရသည်။ 

ဈေးသည် အမျိုးသမီးကြီး Thanapa မှာ ကွာရှင်းပြီးနောက်ပိုင်း (၁၀) နှစ်ခန့်ကြာ တစ်ကိုယ်တည်းဖြစ်နေခဲ့သည်ဟု ဆိုသည်။ 

သူမ၏ ကလေး (၄) ဦးမှာလည်း အရွယ်ရောက်ပြီး အိမ်ထောင်ပြုသွားကြပြီ ဖြစ်သည်။ 

Suthep မှာ သူမ၏ အသက်အရွယ်တူပါကဖြစ်ပါက ရည်းစားဖြစ်ပါရစေဟု Thanapa က ကလူကျီစယ်ပြောခဲ့သေးသည်ဟု ဆိုသည်။

ထိုသို့ပြောခဲ့စဥ် လယ်သမားကြီး Suthep က စိတ်ကူးရသွားခဲ့ပြီး အသက်အရွယ် ကွာခြားချက်ကို ခေါင်းထဲမထည့်ရန် တုံ့ပြန်ခဲ့သည်။ 



ထို့နောက် Thanapa က သူမကို အမှန်တကယ် ချစ်မြတ်နိုးပါက Satun ပြည်နယ်သို့ လမ်းလျှောက်လာခဲ့ သို့မဟုတ် ပြေးလာခဲ့ပြီး သက်သေပြရန် လယ်သမားကြီးကို ပြောခဲ့သည်။ 

လယ်သမားကြီးကလည်း အရောက်လာခဲ့မည်ဖြစ်ပြီး ချစ်သူများနေ့တွင် သူမထံ ရောက်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

"ဆိုရှယ်မီဒီယာ မရှိရင် ဒီလိုနေ့မျိုးရှိမှာ မဟုတ်ဘူးဗျ" ဟု Suthep က ပြောသည်။ 

"ကျွန်မအရမ်း စိတ်လှုပ်ရှားပါတယ်။ ပြောမပြတတ်အောင်ပါပဲ။ သူ့ကို အရမ်း ကျေးဇူးတင်ပါတယ်" ဟု ဈေးသည် အမျိုးသမီးကြီး Thanapa က ပြုံးရွှင်စွာဖြင့် ဖွင့်ဟခဲ့သည်။ 

ဖေဖေါ်ဝါရီလ (၁၄) ရက် ချစ်သူများနေ့တွင် ၎င်းတို့စုံတွဲကို Thung Wa ခရိုင်အုပ်ချုပ်ရေးမှူး Narong Noothiam က ခရိုင်ရုံး၌ တရားဝင် လက်ထပ်ထိမ်းမြားပေးခဲ့ပြီး အနာဂတ်တွင် အတူတကွ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးခဲ့သည်ဟု ဆိုသည်။

Source: Bangkok Post

Photo: The Nation, ejan