ဓါးပြတိုက်ခံရသည့် တရားမဝင် ငါးဂိမ်းလောင်းကစားလုပ်ငန်းကို တာချီလိတ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လောင်းကစား ဥပဒေဖြင့် အမှု ထပ်ဖွင့်

ဓါးပြတိုက်ခံရသည့် တရားမဝင် ငါးဂိမ်းလောင်းကစားလုပ်ငန်းကို တာချီလိတ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လောင်းကစား ဥပဒေဖြင့် အမှု ထပ်ဖွင့်

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဓါးပြတိုက်ခံရသည့် တရားမဝင် ငါးဂိမ်းလောင်းကစားလုပ်ငန်းကို တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

"တာချီလိတ်မှာ တကယ်ဖမ်းမယ်ဆိုရင် ရပ်ကွက်တိုင်းမှာ ဂိမ်းခုံတွေ အများကြီးရှိပါတယ်။ အခုက ဂိမ်းခုံမှာ ဓါးပြတိုက်ခံရတယ်ဆိုတာကို ဖုံးမရ ဖိမရဖြစ်သွားလို့ အဖမ်းပြလိုက်တာ။ တကယ်သာ ဖမ်းရင် မြို့ထဲကနေ မယ်ယန်းအထိ ဖမ်းလို့တောင် ကုန်မှာ မဟုတ်ဘူး။ အခုလို တရားမဝင် လောင်းကစားတွေက လိုင်းကြေးသာပေးရတာ။ တကယ်တမ်းဖြစ်လာရင် ဘာမှ အကူအညီမှ မရဘူး၊။ အခုဂိမ်းခုံလည်း လိုင်းကြေးပေးပြီးမှ ဖွင့်တာပဲ ဖြစ်မယ်။ တာချီလိတ်မှာက လိုင်းကြေးမပေးဘဲ ဘယ်ဂိမ်းခုံမှ မဖွင့်ရဲဘူး။ လိုင်းကြေးလည်း ယူတယ်။ ပြသနာတက်လာတော့ ဘာအကူအညီမှ မရဘဲ ထဖမ်းတယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက Tachileik News Agency သို့ မေလ(၃၀)ရက်နေ့တွင် ပြောသည်။

လောင်းကစားဂိမ်းခုံအတွင်း ဓါးပြတိုက်ခံရသည့် CCTV မှတ်တမ်း 



ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် မေလ(၂၇)ရက်နေ့ နံနက်(၅)နာရီ(၁၇)မိနစ်အချိန်က သေနတ်ကိုင်ထားသည့် လူတစ်စု၏ ဓါးပြတိုက်ခြင်းကို ခံရသည့် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ တရားမဝင် ငါးဂိမ်းလောင်းကစားလုပ်ငန်းနေရာကို တာချီလိတ်ရဲတပ်ဖွဲ့က မေလ(၂၇)ရက်နေ့ ညပိုင်းတွင် သွားရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားမဝင် ငါးဂိမ်းလောင်းကစားလုပ်ငန်းမှ ငါးဂိမ်းခုံအကြီး (၂)ခုံ နှင့် သောင်းချီရှိသည့်   ထိုင်းဘတ်ငွေ များကို သိမ်းဆည်းပြီး လောင်းကစားလုပ်ငန်းနေရာတွင် တွေ့ရသည့် စိုင်းအောင်ရှဲန်၊ မနန်းအွမ်၊ မမူစေ့၊ ကျော်ဇော၊ ဘဲလေး(ခ)ဂျော်နီ နှင့် ကိုပြည့်(ခ)ပြည့်ဖြိုးဇော်တို့ကိုပါ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် အဆိုပါ (၆)ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇော်ဝင်းနိုင်က တရားလိုပြုလုပ်ကာ (ပ)၄၇/၂၀၂၃။ ၂၀၁၉ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၁၇(က)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

၂၀၁၉ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၁၇(က)သည် အနည်းဆုံး ထောင်ဒဏ် (၁)နှစ်မှ အများဆုံး ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်နိုင်သည့်အပြင် အနည်းဆုံး ကျပ်(၁)သိန်းမှ အများဆုံး ကျပ်(၅)သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းနှင့်  သက်သေခံပစ္စည်းများကိုတော့ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဟု ပြဌာန်းထားသည်။