ကျောက်မဲမြို့နယ်အတွင်း  တိုင်းရင်းသားလက်နက် အချင်းချင်း တိုက်ပွဲဖြစ်၍ ကျေးရွာအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်ဆီး

 ကျောက်မဲမြို့နယ်အတွင်း  တိုင်းရင်းသားလက်နက် အချင်းချင်း တိုက်ပွဲဖြစ်၍ ကျေးရွာအတွင်းရှိ နေအိမ်များ ထိခိုက်ပျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့်  ဟူးကွက်ကျေးရွာအတွင်း လက်နက်ကြီး ကျည်ကျရောက် ထိမှန်ကာ လူနေအိမ် အချို့ ပျက်ဆီးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃)ဦးအထက် မနည်းရှိနေကြောင်း သိရသည်။



သျှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ပူးပေါင်းအဖွဲ့ နှင့်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့တွင်  ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအနီးတိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။ 

မနက် (၁၀)နာရီဝန်းကျင်လောက်ကနေစဖြစ်တာပါ။ အစကတည်းကလဲ ဟူးကွက်နဲ့အနီးတစ်ဝိုက်က ရွာတွေနားမှာ အဲ့အဖွဲ့တွေ တိုက်ပွဲဖြစ်နေကြတာပါ။ စစဖြစ်တုန်းကတော့ ရွာတွေအနီးက တောထဲမှာ ပစ်ကြ ခတ်ကြတာ၊ နောက်ပိုင်းကြတော့ ရွာတွေထဲထိ လက်နက်ကြီးကျည်ဆံတွေပါကျလာတာဖြစ်ပါတယ်၊ ထိခိုက်ဒဏ်ရာရာသူ (၃)ယောက်ထက်မနည်းရှိတယ်။ ကျန်သူတွေလဲ ဘယ်မှထွက်ပြေးလို့မရဘူး ထွက်ပြေးစရာ လမ်းမရှိဘူး

ဟု ဟူးကွက်ကျေးရွာတွင်နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ကစတင်၍ ကျောက်မဲမြို့နယ်အတွင်းရှိ ပန်လင်ကျေးရွာ၊ ပန်ဖြတ်ကျေးရွာ၊ ပန်ကွမ်ကျေးရွာနှင့် လွယ်ကုန်ကျေးရွာတို့အနီးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ပြီး လက်ရှိတွင် အဆိုပါရွာများနှင့် တဆက်တည်းနီးစပ်သည့် ဟူးကွက်ကျေးရွာအတွင်းထိ  လက်နက်ကြီးကျည်ဆံများ ကျရောက်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဩဂုတ်လအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေအိမ်များပျက်ဆီးခဲ့ရသည့်အပြင် ကျေးရွာဒေသခံ (၁၄၀၀)ကျော်မှာ အိုးအိမ်များကို စွန့်ပစ်ကာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။