မီးခိုးမြူငွေ့ကာကွယ် ထိန်းချုပ်ရေးအတွက် တာချီလိတ်မြို့ရှိ ဗာလကျေးရွာတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့မှ အသိပညာပေး

မီးခိုးမြူငွေ့ကာကွယ် ထိန်းချုပ်ရေးအတွက် တာချီလိတ်မြို့ရှိ ဗာလကျေးရွာတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့မှ အသိပညာပေး
မတ် 2, 2020
By Tachileik News Agency
မီးခိုးမြူငွေ့ကာကွယ် ထိန်းချုပ်ရေးအတွက် တာချီလိတ်မြို့ရှိ ဗာလကျေးရွာတွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့မှ အသိပညာပေး

မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး၊ တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဗာလရွာ၌  အသိပညာပေးဟောပြောပွဲကို ၂၀၂၀ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"စိုက်ပျိုးရေးကနေစပြီး မီးရှို့တာတွေတော်တော်လေးများနေပါတယ်။ အဲဒီအတွက် စိုက်ပျိုးရေးပညာရှင်တွေရဲ့အကူအညီ၊ ပြီးရင်စိုက်ပျိုးရေးကဏ္ဍနဲ့ပတ်သတ်တဲ့ လုပ်ငန်းရှင်များရဲ့ အကူအညီယူရမှာ ဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဝိုင်းပြီးတော့ လုပ်ကြဖို့လိုပါတယ်။ ဒါကို ပြည်ထောင်စုအစိုးရအဆင့်က ညှိနှိုင်းနေတာလည်းရှိပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများမှ မီးရှိုမှုများ၊ ရိုးရာအမဲလိုက်မှုပုံစံအရ မီးရှိုပြီးသားကောင်ခြောက်သည့် ဓလေ့များ၊ တိရိစ္ဆာန်စားကျက်များကို ခြောက်သွေ့ရာသီတွင် မီးရှိုပြီး မိုးကျချိန်တွင် ရွက်နုထွက်စေသည့် အလေ့အထများ၊ ကျေးရွာများတွင် ထင်းမီးဖြင့် ထမင်း၊ ဟင်းချက်မှုများနှင့် မော်တော်ယာဉ်များမှ ထွက်ရှိသည့် မီးခိုးငွေများစသည့် အကြောင်းရင်း (၅) ချက်ကြောင့် မီးခိုးမြူငွေ့များထွက်ရှိလာပြီး လေထုညစ်ညမ်းမှုများဖြစ်ပေါ်စေကြောင်း သိရသည်။

ဗာလကျေးရွာ၌ ပြုလုပ်သည့် အသိပညာပေးဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ကာကွယ်တားဆီးရေးအကြောင်း၊ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရီထွေးက စက်လွှ(Chain Saw) နှင့်ပတ်သက်သည့် ဒေသန္တရအမိန့်ထုတ်ပြန်ထားမှုအကြောင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးငြိမ်သတ်ရေးနှင့် ပတ်သက်သည့်များကို အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ကော်မတီအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့က ကျင်းပခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများအထိ အသိပညာပေးမှုများ ဆောင်ရွက်ရန်ညွှန်ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူဖုံးလွှမ်းခြင်းကြောင့် လေထုညစ်ညမ်းမှုကာကွယ်နိုင်ရန် လေထုအရည်အသွေး တိုင်းတာရရှိသည့် အချက်အလက်များကို နေ့စဉ်ထုတ်ပြန်ပေးခြင်း၊ သစ်တောဦးစီးဌာနနှင့် ခရိုင် မီးသတ်ဦးစီးဌာနရှိ မီးသတ်ယာဉ်များဖြင့် တောမီးငြှိမ်းသတ်ခြင်း၊ လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖျန်းခြင်း၊ ကျန်းမာရေးဦးစီးဌာနက အရေးပေါ်လူနာတင်ယာဉ်များ၊ အရေးပေါ်ကုသခန်းများထားရှိခြင်းနှင့် အများပြည်သူ မီးခိုးရှောင်စခန်းများ ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားကြောင်း သိရသည်။

တောမီးရှို့မှုများသည့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသနှင့် နယ်နမိတ်ထိစပ်နေသည့် တာချီလိတ်ခရိုင်တွင် နှစ်စဉ် လပေါင်းများစွာ မီးခိုးမြူဖုံးလွှမ်းသည့်ဒဏ်ကို ခံစားရလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~