RCSS က ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ယုံကြည်သက်ဝင် ထောက်ခံသည့် အသုံးအနှုန်းများ အသုံးပြုလာ

အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မတ်လ(၂၈) ရက်နေ့ တွေ့ဆုံစဉ်
အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မတ်လ(၂၈) ရက်နေ့ တွေ့ဆုံစဉ်
RCSS က ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ယုံကြည်သက်ဝင် ထောက်ခံသည့် အသုံးအနှုန်းများ အသုံးပြုလာ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS/SSA )က အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောစကားများ ယုံကြည်သက်ဝင်သည့် ထောက်ခံသော အသုံးအနှုန်းများကို ပေါ်ပေါထင်ထင် သုံးစွဲလာသည်ကို ၎င်းတို့၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က  မတ်လ(၂၈) ရက်နေ့ တွေ့ဆုံပွဲ၌ RCSS က စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင်ထောက်ခံ ပြောဆိုလာခြင်းဖြစ်သည်။

စစ်တပ်အာဏာစသိမ်းစဉ်က လူထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရကိုဖမ်းဆီးပြီး အာဏာသိမ်းသည့် တပ်မတော်၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည့် RCSS သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ယခုအခါတွင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ယုံကြည်သည့် အသုံးအနှုန်းများ သုံးစွဲလာသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။ 

RCSS မှ အတွင်းရေးမှူး(၁)ဗိုလ်မှူးကြီး စိုင်းငင်းက"နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ ရေရှည်တည် တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ NCA ပါသဘောတူညီ ချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်လို့ ဖော်ပြသလို နစကရဲ့ ဦးတည်ချက်(၉)ရပ်မှာလည်း ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကိုလည်း ထပ်လောင်းဖော်ပြထားတာကြောင့် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး အတွက် ဆက်လက်ဆောင်ရွက်သွားမယ်ဆိုဖြစ်လို့ မိမိတို့အနေနဲ့ များစွာဝမ်းမြောက်ကြောင်း ဆွေးနွေးပြောကြားလိုပါတယ်။"ဟု ဆိုသည်။

RCSS က ယုံကြည်နေသည့် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဆိုသော အာဏာသိမ်းစစ်ကောင်စီသည် တစ်နိုင်ငံလုံးကို လက်နက်အားကိုးဖြင့် စစ်ရေးနှင့်အနိုင်ယူရန် ကြိုးပမ်းနေကာ မြို့၊ ရွာများကို မီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်လျှက်ရှိသည်။

ဒါ့အပြင် RCSS သည် (၇၇)နှစ်မြောက် အာဏာသိမ်းစစ်တပ်နေ့တွင် မင်းအောင်လှိုင်၏ အယောင်ပြငြိမ်းချမ်းရေးဟု သတ်မှတ်ထားကြသည့် ပြောစကားများအပေါ် ယုံကြည်နေသည်။

ဗိုလ်မှူးကြီးစိုင်းငင်းက"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ (၇၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ၂၀၂၂ နှစ်ကုန်ပိုင်းအထိ တပ်မတော်အနေနဲ့ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတယ်၊ ကြိုတင်ကန့်သတ်ချက် မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းချက်တွေနဲ့အတူ NCA ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ သဘောတူလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း စတဲ့ ပြောကြားချက်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက်ရော ဖက်ဒရယ်တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက်ပါ  အရေးကြီးတဲ့ အပြုသဘောဆောင် ဖြေလျှော့မှုတွေဖြစ်တယ်လို့ မြင်ပါတယ်။"ဟု ထောက်ခံပြောဆိုခဲ့သည်။

နိုင်ငံ့အာဏာကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ အကြမ်းဖက် သိမ်းယူထားသည့် ကာလအတွင်း တနိုင်ငံလုံးတွင် တိုက်ပွဲများ ဖြစ်ပွားနေရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တော်တော်များများမှာ ပါဝင်လာပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသလို ရှမ်းပြည်နယ်အတွင်း၌ MNDAA ကသာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသော်လည်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့သည် စစ်ကောင်စီတပ်ကို တော်လှန်ရာတွင် မပါဝင်ဘဲ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်နေသည်ကိုသာ  တွေ့ရသည်။