ကသာမြို့နယ်မှ မိုးတားကြီးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်

ကသာမြို့နယ်မှ မိုးတားကြီးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားကြီးရွာကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် လေယာဉ် (၃)စီးဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး (၂) ဦးအပါအဝင် (၁၀) ဦးထက်မနည်းဒဏ်ရာရပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦများ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။ 

ယနေ့ နေ့လယ် (၁၂)နာရီ (၃၈) မိနစ်တွင် လေယာဉ် (၃)စီးဖြင့် တိုက်ခိုက်သည့်အနက် အသက် (၆)နှစ်အရွယ် မောင်နော်ဇက်အောင်၊ အသက် (၇)နှစ်အရွယ် မောင်အောင်သက်ထွေး၊ အသက် (၁၉)နှစ်အရွယ် မောင်သက်ထူးအောင်တို့အပါအဝင် အရပ်သား (၁၀) ဦးထက်မနည်း ထိခိုက်သွားပြီး အချို့မှာ စိုးရိမ်ရသည့်အနေအထားတွင်ရှိနေသည်ဟု KATHA Revolution -IR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ကတိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာရှိ ရှင်​ယောဟန် အင်ဂလီကန်အသင်း​တော်၏ ရိပ်သာတစ်​​ဆောင်၊ နှစ်ခြင်းအသင်း​တော်၏ ရိပ်သာတစ်​ဆောင်၊ ကျူရှင်စာသင်စောင်၊ လူနေအိမ် (၁၀)လုံးခန့်အပြင် စပါးဂိုဒေါင်များ၊ စပါးကျီများပါ မီးလောင်သွားကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် ကျေးရွာအတွင်း မပေါက်ကွဲသေးသည့် ဗုံး (၅)လုံးလည်း ကျန်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာဖြင့်ဖွဲ့စည်းထားသည့် စစ်တပ်ကိုသုံး၍ မြို့ရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းများအား နိုင်ငံအနှံ့ဒေသအများအပြားတွင် လုပ်ဆောင်နေသည်ကို တွေ့ရသည်။