ဘာလီကျွန်း ကမ်းခြေတစ်ခုတွင် အရှည် ပေ (၆၀) နီးပါးရှိ ဧရာမ ဝေလငါးကြီးတစ်ကောင် သောင်တင်သေဆုံး

Photo:  AFP
Photo:  AFP
ဘာလီကျွန်း ကမ်းခြေတစ်ခုတွင် အရှည် ပေ (၆၀) နီးပါးရှိ ဧရာမ ဝေလငါးကြီးတစ်ကောင် သောင်တင်သေဆုံး
By Mr John

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ကမ်းခြေတစ်ခုတွင် အရှည် ပေ (၆၀) နီးပါးရှိ ‌ဧရာမ ဝေလငါးကြီးတစ်ကောင် သောင်တင်သေဆုံးခဲ့ကြောင်း သိရသည်။ 

အလေးချိန် တန်ချိန်အများအပြားရှိမည်ဟု ယူဆရသည့် ထိုဝေလငါးကြီးမှာ ၂၀၂၃ခုနှစ် ဧပြီလ (၅) ရက်နေ့က ဘာလီကျွန်းရှိ အရှေ့ဘက်ကမ်းခြေတစ်ခုတွင် လာရောက်သောင်တင်ခဲ့ရာ ဒေသခံများနှင့် အစိုးရတာဝန်ရှိသူများက ၎င်းကို ပင်လယ်ထဲသို့ ပြန်တွန်းပို့ခဲ့ကြသော်လည်း ပင်လယ်ထဲသို့ ကူးခတ်ထွက်ခွာသွားပြီးနောက် နာရီပိုင်းအကြာတွင် ဝေလငါးကြီးမှာ အခြား ကမ်းခြေနေရာတစ်ခုတွင် နောက်တစ်ကြိမ် သောင်တင်လာခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် ထိုဝေလငါးကြီးတွင် ပြင်ပဒဏ်ရာများ မတွေ့ရကြောင်း ဒေသဆိုင်ရာ ရေလမ်းကြောင်းသွားလာမှုနှင့် ငါးဖမ်းလုပ်ငန်း အရာရှိ Permana Yudiarso က  ပြောသည်။ 

"သေဆုံးရတဲ့ အကြောင်းရင်းကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ညစ်ညမ်းမှုကြောင့်လား ဒါမှမဟုတ် ပလတ်စတစ်ကြောင့်လားဆိုတာ သိပ္ပံနည်းကျ အဖြေတစ်ခုကို  ကျွန်တော်တို့ လိုချင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ယခု သောင်တင်သေဆုံးခဲ့သည့် sperm ဝေလငါးအမျိုးအစားမှာ ကမ္ဘာ့အကြီးဆုံး တိရိစ္ဆာန်များဖြစ်ပြီး International Union for Conservation of Nature အဖွဲ့အစည်းက မျိုးသုဥ်းပျောက်ကွယ်မည့် အန္တရာယ်ရှိသော တိရိစ္ဆာန်စာရင်းတွင် ထည့်သွင်းထားသည်။ 

ခွဲစိတ်စစ်ဆေးရန် ဧပြီလ (၆) ရက်နေ့တွင် ပြင်ဆင်ကြကြောင်း တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိများက ပြောသည်။

ဧရာမ ဝေလငါးကြီး သောင်တင်သေဆုံးနေသည့် ဘာလီကျွန်း၏ ကမ်းခြေနေရာကို တိရိစ္ဆာန်ဆေးကု ဆရာဝန်များနှင့် မှုခင်းဆေးပညာကျွမ်းကျင်သူများသည် သေဆုံးရသည့် အကြောင်းရင်းကို သိနိုင်ရန်အတွက် ဧပြီလ(၆)ရက်နေ့က ခွဲစိတ်စစ်ဆေးရန် ရောက်ရှိနေလာကြပြီး ဝေလငါးကြီးကို လာမည့်ရက်များအတွင်း မြေမြှုုပ်သွားမည်ဟု ဆိုသည်။

ဝေလငါးကြီး သောင်တင်သေဆုံးနေသည့် နေရာကို ရဲတပ်ဖွဲ့က အဝင်အထွက် ပိတ်ပင်ထားပြီး ဝေလငါးကြီး၏ အသားနှင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခိုးယူခြင်း မရှိစေရန် စောင့်ကြပ်နေသည်။ ‌

ဝေလငါးများမှာ မကျန်းမမာဖြစ်လာချိန် သို့မဟုတ် သေဆုံးခါးနီးအချိန်တွင် ကမ်းခြေအနီးသို့ ရောက်လာလေ့ရှိကြောင်း Yudiarso က ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း အင်ဒိုနီးရှားတွင် သောင်တင်သေဆုံးခဲ့သည့် ဝေလငါးကြီးတစ်ကောင်၏ အစာအိမ်အတွင်း ပလတ်စတစ်ခွက် (၁၀၀) နှင့် ပလတ်စတစ်အိတ် (၂၅) လုံးကို တွေ့ရှိခဲ့ရာ အင်ဒိုနီးရှား၏ ပင်လယ်ရေလမ်းကြောင်း အမှိုက်ပြဿနာကို စိုးရိမ်ပူပန်မှုများ တိုးလာခဲ့သည်။

 အင်ဒိုနီးနီးရှားက တရုတ်ပြီးလျှင် ပင်လယ်ရေလမ်းကြောင်းသို့ အမှိုက်စွန့်ပစ်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။

Source: AFP