မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ
ဇူလိုင် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ဇူလိုင်လ (၂၃) ရက်တွင် သတ်မှတ်ကြေညာလိုက်သည်။

ထိုသတ်မှတ်ချက်မှာ ကမ္ဘာတဝန်း ကူးစက်မှုများ မြင့်တက်လာပြီးနောက် WHO က ထုတ်ပြန်နိုင်သည့် အမြင့်ဆုံး သတိပေးချက်ဖြစ်ကြောင်း သိရသည်။



WHO ၏ အရေးပေါ်ကော်မတီက မျောက်ကျောက်ရောဂါ (mokeypox) ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံ (၇၅) ခုတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု (၁၆,၀၀၀) ကျော် တွေ့ရှိထားကြောင်း WHO အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Tedros Adhanom Ghebreyesus ပြောသည်။



မျောက်ကျောက်ရောဂါကြောင့် အာဖရိကတွင် သေဆုံးသူ (၅) ဦးရှိခဲ့ကြောင်း သိရသည်။

WHO က မျောက်ကျောက်ရောဂါ မတိုင်မီ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာသည့် ရောဂါ (၂) ခုသာရှိခဲ့ဖူးပြီး COVID-19 ကပ်ရောဂါနှင့် အမြစ်ဖြတ်ပပျောက်ရေး ဆက်လက်ကြိုးပမ်းနေသော ပိုလီယိုရောဂါတို့ ဖြစ်သည်။



WHO အရေးပေါ်ကော်မတီ အစည်းအဝေးတွင် မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာရန်သင့် မသင့်အပေါ် တခဲနက် သဘောတူညီမှု မရရှိခဲ့ကြောင်း ဒေါက်တာ Tedros က ပြောသည်။ သို့သော် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ကမ္ဘာတဝန်း လျင်မြန်စွာ ပျံ့နှံ့နေခဲ့ပြီး နိုင်ငံတကာအတွက် အမှန်တကယ် စိုးရိမ်စရာဖြစ်သည်ဟု ၎င်းအနေဖြင့် ဆုံးဖြတ်ခဲ့ကြောင်း WHO အကြီးအကဲက ဆိုသည်။



မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်စေသည့် ကူးစက်မှုနည်းလမ်းအသစ်များနှင့် ပတ်သက်၍ အလွန်အနည်းငယ်မျှသာ နားလည်သဘောပေါက်ထားသေးကြောင်းလည်း ဒေါက်တာ Tedros က ပြောခဲ့သည်။

"WHO အကဲဖြတ်မှုအရတော့ မျောက်ကျောက်ရောဂါရဲ့ အန္တရာယ်ရှိမှုက ဥရောပဒေသကလွဲပြီး တစ်ကမ္ဘာလုံးနဲ့ နယ်မြေအားလုံးမှာ အတန်အသင့် ဖြစ်ပါတယ်။

ဥရောပမှာတော့ မျောက်ကျောက်အန္တရာယ်က မြင့်မားပါတယ်" ဟု ၎င်းက ဆိုသည်။



မျောက်ကျောက်ရောဂါကို ယခင်က အာဖရိကတွင်သာ အဓိက တွေ့ရှိခဲ့ရသော်လည်း ယခုနှစ် မေလမှစပြီး အာဖရိကပြင်ပ အထူးသဖြင့် ဥရောပတွင် ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာခဲ့သည်။

မျောက်ကျောက်ရောဂါမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း အပါအဝင် ကနဦးလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် အဖုအပိမ့်များ လျင်မြန်စွာ ထွက်ပေါ်လာကြောင်း သိရသည်။



ထိုရောဂါကူးစက်ခံရသူများ၏  လက်နှင့်မျက်နှာတွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာသည်။

မျောက်ကျောက်ရောဂါ လက္ခဏာများမှာ များသောအားဖြင့် (၂) ပတ်မှ (၄) ပတ်ကြာပြီးနောက် ကင်းရှင်းသွားပြီး ပုံမှန်အားဖြင့် သေစေနိုင်ခြင်းမရှိပေ။ မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံတွင်လည်း ဇူလိုင်လ(၁၉)ရက်နေ့က အသက် (၂၇) နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား အမျိုးသားတစ်ဦးထံတွင် မျောက်ကျောက်ရောဂါ စတင်တွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိတွေ့သူမှာ (၁၅၄)ဦး ရှိသည်ဟု သိရသည်။



Source: BBC, Reuters