အာဏာသိမ်းစစ်ကောင်စီကို အထောက်အပံ့ပြုနေသည့် ထွေအုပ်မှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို NUG က ရာထူးမှထုတ်ပယ်ကြောင်းကြေညာ

အာဏာသိမ်းစစ်ကောင်စီကို အထောက်အပံ့ပြုနေသည့် ထွေအုပ်မှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို NUG က ရာထူးမှထုတ်ပယ်ကြောင်းကြေညာ
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီကို အထောက်အပံ့ပြုနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ လက်ထောက်ညွန်ကြားရေးမှူး(မြိုနယ်အုပ်ချုပ်ရေးမှူး) မှ ညွန်ကြားရမှူး(ခရိုင်အုပ်ချုပ်ရေးမှူး)အဆင့်အထိ အားလုံးကိုထုတ်ပယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြကြပ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၀၂/၂၀၂၂)ထုတ်ပြန်လာခြင်းဖြစ်သည်။

လက်ရှိအချိန်၌ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ဆက်လက်အလုပ်လုပ်နေသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရထံသို့ သတင်းများ လျှို့ဝှက်ပေးပို့နေသည့် ဝန်ထမ်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးနေသည့် ဝန်ထမ်းများ၊  ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနနှင့် ချိတ်ဆက်ထောက်ပံ့ပေးနေသည့် ပြည်သူ့ဘက်တော်သားများကို အဆိုပါ ထုတ်ပယ်သည့်စာရင်းတွင် ထည့်သွင်းခြင်းမရှိဘဲ အသိအမှတ်ပြုသည်ဟု ထုတ်ပြန်ထားသည်။

အသစ်ပေါ်ပေါက်လာမည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တွင်  ပြည်သူများကို ကိုယ်စားပြုပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွင် အကြမ်းဖက်စစ်အာဏာရှင်ကို အထောက်အကူပေးခဲ့သူများကို ဆက်လက်တာဝန်ပေးမည်မဟုတ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်သဖြင့် ဌာနအသီးသီးမှ ဝန်ထမ်းများက အာဏာသိမ်းခြင်းအား လက်မခံဘဲ ပြည်သူနှင့်အတူရပ်တည်ကာ CDM လှုပ်ရှားမှုများလုပ်ခဲ့ကြသည့်နည်းတူ အာဏာသိမ်းအုပ်စုလက်အောက်တွင် ဆက်လက်အလုပ်လုပ်ကိုင်နေသူများလည်း ရှိနေခြင်းဖြစ်သည်။