ရေဦးမြို့နယ် ရေမြက်ရွာတွင် အာဏာသိမ်းတပ်က နေအိမ်နှင့်ပစ္စည်းများ မီးရှို့ဖျက်ဆီးထားခဲ့ပြီး  ဒေသခံ (၈)ဦး သတ်ဖြတ်ခံရ

ရေဦးမြို့နယ် ရေမြက်ရွာတွင် အာဏာသိမ်းတပ်က နေအိမ်နှင့်ပစ္စည်းများ မီးရှို့ဖျက်ဆီးထားခဲ့ပြီး  ဒေသခံ (၈)ဦး သတ်ဖြတ်ခံရ
ဒီဇင်ဘာ 24, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ရေမြက်ကျေးရွာကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ရွာတွင်းတပ်စွဲကာ နေအိမ်နှင့်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အပြင် ဒေသခံ (၈)ဦးကိုပါ အကြမ်းဖက် သတ်ဖြတ်ခံထားသည်ကို တွေ့ရကြောင်း ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ရေဦးပကဖက သတင်းထုတ်ပြန်သည်။

ရေမြက်ကျေးရွာမှ နေအိမ် (၅၃)လုံး၊  ဆိုင်ကယ်အစီး (၃၀)နှင့် ရွာပိုင်လူမှုကူညီရေးကားအပါအဝင် ကား (၃) စီး မီးရှို့ခံရပြီး အကြမ်းဖက်သတ်ဖြတ်ခံထားရသည့် ဒေသခံ (၈)ဦးအလောင်းကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ရေမြက်ကျေးရွာကို ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် စပါးရိတ်သိမ်းနေသူများအပါအဝင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယင်းနေ့ကတည်းကပင် ရွာတွင်းဝင်၍ တပ်စွဲကာ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ် ကျေးရွာမှ ထွက်သွားချိန်တွင် ကျေးရွာတွင်း ဝင်ရောက်စစ်ဆေးရာ  ရဲဒင်းနှင့်ခုတ်၊ မီးရှို့၊ သေနတ်ဖြင့်ခေါင်းကိုတေ့ပစ်ထားသည့် ဒေသခံများ၏ ရုပ်အလောင်းများကိုပါ တွေ့ရခြင်းဖြစ်ပြီး သတ်ခံရသူများတွင် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများလည်း ပါဝင်သည်ဟု သိရသည်။

 

#TachileikNewsAgency

Photo: CJ