ယင်းမာပင်မြို့နယ်အတွင်း နေအိမ် ၆ လုံးကို အာဏာသိမ်းစစ်ကောင်စီတပ် မီးရှို့

ယင်းမာပင်မြို့နယ်အတွင်း နေအိမ် ၆ လုံးကို အာဏာသိမ်းစစ်ကောင်စီတပ် မီးရှို့
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အောင်မိုးတောပြင်နှင့် မြပင်စည်ရွာများမှ နေအိမ်များကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် (၆)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်အတွင်း ရွှေတောင်ဦးအနီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ အောင်ဇေယျတပ်ကုန်းနှင့် ရဲတပ်ရင်း ၂၈ ကို ဒေသကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့် အမိမြေတော်လှန်ရေးအဖွဲ့၊ ချိုမိုင်မိုင်အဖွဲ့၊ RFF နှင့် ပျောက်ကြားရဲဘော်များက  စွန်ရဲစစ်ဆင်ရေးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံး၊ ထိခိုက်မှုအများအပြားရှိခဲ့ပြီးနောက် ကျေးရွာကို မီးရှို့လာခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့အထိနာသည်နှင့် နီးစပ်ရာ မြို့၊ရွာများကို မီးရှို့လေ့ရှိသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များသည် နံနက်ပိုင်းက တိုက်ခိုက်ခံရမှုအတွင်း ဆယ်ဂဏန်းနီးပါးသေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။