စပိန်နိုင်ငံတွင် တောမီးလောင်မှုအတွင်း ခရီးသည်တင်ရထား ပိတ်မိခဲ့ပြီး (၁၀) ဦး ဒဏ်ရာရ

စပိန်နိုင်ငံတွင် တောမီးလောင်မှုအတွင်း ခရီးသည်တင်ရထား ပိတ်မိခဲ့ပြီး (၁၀) ဦး ဒဏ်ရာရ
သြဂုတ် 18, 2022 | နိုင်ငံတကာသတင်း
By Mr John

စပိန်နိုင်ငံတွင် တောမီးလောင်နေသည့်အနီးမှ ရထားဖြတ်သန်းစဥ် ပိတ်မိခဲ့မှုအတွင်း ခရီးသည် (၁၀) ဦး ဒဏ်ရာရခဲ့ပြီး (၃) ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။ 

Bejis နယ်မြေအနီး လောင်ကျွမ်းနေသည့်တောမီးမှာ လေပြင်းများတိုက်ခတ်မှုကြောင့် ပိုမိုပြင်းထန် ကြီးမားလာခဲ့ရာ မီးသတ်သမားများ အသက်ဘေးလွတ်ရန် ထွက်ပြေးခဲ့ကြရသည်။

တောမီးလောင်မှုအတွင်း ပိတ်မိခဲ့သည့် ရထားမှာ ဗလင်စီယာမြို့မှ ဇာရာဂိုဇာမြို့သို့ ခုတ်မောင်းလာစဥ် ဗလင်စီယာ အနောက်မြောက်ပိုင်းတွင် လောင်ကျွမ်းနေသည့် တောမီးကြောင့် ရပ်တန့်ခဲ့ရသည်။ 

ရထားမောင်းသူက ခရီးသည်များကို ရထားပေါ်တွင်နေကြရန် ပြောကြားခဲ့သော်လည်း အချို့မှာ ကြောက်လန့်တကြား ဖြစ်နေခဲ့ကြသည်။

ထိုရထားမှာ ဗလင်စီယာမြို့မှ ဩဂုတ်လ (၁၆) ရက် မွန်းလွဲပိုင်းတွင် ခရီးသည် (၄၈) ဦးနှင့်အတူ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ 

တောမီးကြောင့် ရပ်တန့်ခဲ့ရပြီးနောက် ရထားမောင်းသူက နောက်ပြန်ခုတ်မောင်းရန် ပြင်ဆင်ခဲ့စဥ် မီးတောက်များ နီးကပ်လာခဲ့ရာ ခရီးသည်အချို့က ပြတင်းပေါက်မှန်များကို ရိုက်ခွဲပြီး ထွက်ပြေးလွတ်မြောက်ရန် ကြိးပမ်းခဲ့ကြသည်။

ထွက်ပြေးခဲ့သူများအနက် အချို့မှာ မီးလောင်ဒဏ်ရာများရခဲ့ကြပြီး တစ်ဦးကို ဆေးကုရန်အတွက် ဗလင်စီယာမြို့ရှိ ဆေးရုံသို့ ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခဲ့ရသည်။ 

အဆိုးရွားဆုံး မီးလောင်ဒဏ်ရာရခဲ့သူများမှာ အသက် (၅၈) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် အသက် (၁၅) နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ဖြစ်ကြောင်း စပိန်သတင်းများက ဖော်ပြသည်။

ရထားပေါ်တွင် ဆက်နေခဲ့သူများမှာ ဒဏ်ရာရခဲ့သူမရှိဟု ဆိုသည်။ 

ရထားအနီးသို့ ပြင်းထန်စွာလောင်နေသည့် မီးတောက်များ နီးကပ်လာမှုကို ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဗီဒီယိုတွင် တွေ့ခဲ့ရသည်။ 

နောက်ဆုံးတွင် ရထားမောင်းသူက ရထားကို အနီးအနားရှိ Caudiel ဘူတာရုံသို့ နောက်ပြန်ခုတ်မောင်းခဲ့ကြောင်း သိရသည်။

ရထားလမ်းတစ်လျှောက် ထွက်ပြေးခဲ့ကြသည့် ခရီးသည်များမှာ ရထားပေါ်ပြန်တက်နိုင်ခဲ့ကြပြီး ဒဏ်ရာရသူများကို ထိုဘူတာရုံတွင် ကနဦး ကုသပေးခဲ့သည်ဟု ဆိုသည်။ 

ယခုတောမီးကြောင့် Bejis နှင့် အနီးအနားရှိ မြို့များမှ လူဦးရေ (၂,၀၀၀) ကျော် ရွှေ့ပြောင်းခဲ့ကြရသည်။ 

လေပြင်းတိုက်ခတ်မှုကြောင့် မီးတောက်များ ပြင်းထန်ကြီးမားလာခဲ့ရာ မီးသတ်သမားများ ထွက်ပြေးခဲ့ရသည့် ဗီဒီယိုကို Castellón မီးသတ်ဌာနက မျှဝေထားခဲ့သည်။

တောမီးကြောင့် မြေဧက (၁၅,၀၀၀) နီးပါး မီးလောင်ပျက်စီးခဲ့နိုင်ကြောင်း မီးသတ်သမားများက ဆိုသည်။ 

ဗလင်စီယာ၏ Vall d'Ebo ဧရိယာတွင်လည်း ဩဂုတ်လ (၁၃) ရက် နှောင်းပိုင်းတွင် မိုးကြိုးပစ်ရာမှ နောက်ထပ် တောမီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး မြေဧက (၂၈,၀၀၀) ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ယခုအချိန်အထိ တောမီးလောင်မှု (၄၀၀) နီးပါး ကြုံတွေ့ခဲ့ရပြီး မြေဧက (၆၈၀,၀၀၀) ကျော် (၂၇၅,၈၃၆ ဟက်တာ) မီးလောင်ပျက်စီးခဲ့သည်။ 

ဥရောပအနောက်ပိုင်း နေရာအများအပြားတွင် ယခုနှစ် နွေရာသီကာလ ပြင်းထန်ရှည်လျားသည့် အပူလှိုင်းများအတွင်း တောမီးလောင်မှုများ ဖြစ်ပွားနေခဲ့ကြောင်း သိရသည်။

 

Source: BBC

Photo: Plata/twitter, contigonoobicho/twitter, CasetaBosque/twitter