တူရကီတွင် ငလျင်ကြီးလှုပ်ပြီးနောက် နာရီ (၉၀) အကြာ၌ (၁၀) ရက်သား ကလေးငယ်နှင့် မိခင်တို့ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

တူရကီတွင် ငလျင်ကြီးလှုပ်ပြီးနောက် နာရီ (၉၀) အကြာ၌ (၁၀) ရက်သား ကလေးငယ်နှင့် မိခင်တို့ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့
ဖေဖော်ဝါရီ 11, 2023 | နိုင်ငံတကာသတင်း
By Mr John

တူရကီနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၆) ရက်နေ့က လူပေါင်းများစွာ သေဆုံးခဲ့သည့် ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နာရီ (၉၀) ခန့်အကြာ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က မွေးကင်းစ ရက်သား ကလေးငယ်တစ်ဦးနှင့် ၎င်း၏ မိခင်တို့ကို အဆောက်အအုံတစ်ခု၏ အပျက်အစီးများအောက်ကနေ  အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

Yagiz ဟု အမည်ပေးထားသည့် အသက် (၁၀) ရက်သား ယောက်ျားလေးနှင့် မိခင်ဖြစ်သူတို့ကို တူရကီတောင်ပိုင်း Hatay ပြည်နယ် Samadag ခရိုင်ရှိ ငလျင်ကြောင့် ပြိုကျသွားသည့် အဆောက်အအုံ၏ အပျက်အစီးများအောက်မှ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ကလေးငယ်နှင့် မိခင်တို့ကို အပျက်အစီးများအောက်မှ ကယ်ထုတ်လာသည့် မှတ်တမ်းဗီဒီယိုကို တူရကီမီဒီယာက ထုတ်လွှင့်ဖော်ပြခဲ့ပြီး အံ့အားသင့်ဖွယ်ဖြစ်ရပ်အဖြစ် ပြောခဲ့သည်။

(၁၀) ရက်သားလေး Yagiz ကို စောင်တစ်ထည်ဖြင့်ပတ်ပြီး အရေးပေါ် လူနာတင်ကားဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ခဏအကြာတွင် ၎င်း၏ မိခင်ကိုလည်း လူနာထမ်းစင်တစ်ခုပေါ်တင်၍ သယ်ဆောင်လာသည်ကို ဗီဒီယိုမှတ်တမ်း၌ တွေ့ရသည်။ 

Hatay ပြည်နယ်၌ပင် Asya Donmez အမည်ရှိ အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်ကိုလည်း ငလျင်ကြီးလှုပ်ပြီးနောက် (၉၅) နာရီအကြာတွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း တူရကီအစိုးရသတင်းဌာန Anadolu က ဖော်ပြသည်။

တူရကီအရှေ့ပိုင်း Diyarbakir မြို့တွင်လည်း အသက် (၃၂) နှစ်အရွယ် Sebahat Varli နှင့် သူမ၏သား Serhat တို့ကို ငလျင်လှုပ်ပြီးနောက် နာရီ (၁၀၀) ကျော်အကြာ ဖေဖေါ်ဝါရီလ (၁၀) ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက အပျက်အစီးများအောက်မှ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ 

တူရကီနှင့် ဆီးရီးယားနိုင်ငံတို့တွင် ဖေဖေါ်ဝါရီလ (၆) ရက် ဒေသစံတော်ချိန် နံနက် (၄) နာရီဝန်းကျင်က ရစ်ချ်တာစကေး (၇.၈) ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး နာရီပိုင်းအကြာ၌ ရစ်ချ်တာစကေး (၇.၇) အဆင့်ရှိ ငလျင်တစ်ခုအပါအဝင် နောက်ဆက်တွဲ ငလျင်များ ထပ်မံလှုပ်ခတ်ခဲ့သည်။

ထိုငလျင်လှုပ်မှုများကြောင့် တူရကီနှင့် ဆီးရီးယားနိုင်ငံတို့တွင် ဖေဖေါ်ဝါရီလ (၁၀) ရက် ဒေသစံတော်ချိန် ညနေပိုင်း (မြန်မာစံတော်ချိန် ညပိုင်း) အထိ သေဆုံးသူအရေအတွက် (၂၃,၇၆၆)ဦး အထိ ရှိလာခဲ့ကြောင်း သိရသည်။ 

လက်ရှိအချိန်အထိ သေဆုံးမှုအရေအတွက်အရ တူရကီ-ဆီးရီးယား ငလျင်ကြီးမှာ ယခု ရာစုနှစ်အတွင်း လူသေဆုံးမှု အများဆုံး ငလျင်ကြီးများစာရင်းတွင် နံပါတ် (၇) ဖြစ်သည်။ 

ယခုငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက်မှာ ၁၉၉၉ ခုနှစ်က တူရကီတွင် လူ (၁၈,၀၀၀) ခန့် သေဆုံးခဲ့သည့် အလားတူ အင်အားပြင်းထန်သော ငလျင်ကြောင့် သေဆုံးသူအရေအတွက်ထက်ပင် ပိုမိုများပြားခဲ့သည်။

Source: Reuters, ABC

Photo:  REUTERS/Kemal Aslan, REUTERS/Firas Makdesi,