ဆစ်ဒနီမြို့တွင် ရေကြီးမှုကြောင့် လူဦးရေ (၅၀,၀၀၀) ခန့်ကို ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်ထုတ်

ဆစ်ဒနီမြို့တွင် ရေကြီးမှုကြောင့် လူဦးရေ (၅၀,၀၀၀) ခန့်ကို ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်ထုတ်
ဇူလိုင် 6, 2022 | နိုင်ငံတကာသတင်း
By Mr John

ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့ ဆစ်ဒနီတွင် ယခုနှစ်အတွင်း တတိအကြိမ် ရေကြီးမှုဖြစ်ပေါ်နေရာ အာဏာပိုင်တွေက နေအိမ်စွန့်ခွာ ရွှေ့ပြောင်းကြရန် သတိပေးညွှန်ကြားချက်ထုတ်ရသည့် လူဦးရေမှာ ဇူလိုင်လ (၅) ရက်နေ့အထိ (၅၀,၀၀၀) ခန့်ရှိလာကြောင်းသိရသည်။ 

ဇူလိုင်လ (၄) ရက်နေ့တွင် ရွှေ့ပြောင်းရန် ညွှန်ကြားချက်ထုတ်ခဲ့သည့် လူဦးရေ (၃၀,၀၀၀) ရှိခဲ့ရာမှ မြင့်တက်လာခြင်းလည်း ဖြစ်သည်။

ဆစ်ဒနီမြို့၏ နေရာများတွင် (၄) ရက်အတွင်း (၈) လခန့်စာနှင့်ညီမျှသည့် မိုးရေချိန်ရရှိသည်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ 

ရေကြီးမှုကြောင့် လမ်းမများတွင် အသွားအလာပြတ်တောက်ခဲ့ပြီး နေအိမ်အချို့ ‌ရေနစ်မြုပ်ခဲ့ကာ လူဦးရေ ထောင်နှင့်ချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြုံခဲ့ကြရသည်။ 

လာနီညာ (La Niña) ရာသီဥတုဖြစ်စဥ်ကြောင့် ဩစတြေးလျနိုင်ငံတဝန်းတွင် ရေကြီးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခဲ့ပြီး ယခုနှစ်အတွင်း လူ (၂၀) ကျော် သေဆုံးခဲ့ကြောင်းနှင့် အများအပြားမှာ New South Wales (NSW) ပြည်နယ်တွင်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အရေးပေါ်အခြေအနေအတွက် NSW ပြည်နယ်၏ ဆစ်ဒနီမြို့တော် ဧရိယာတစ်လျှောက် ရွှေ့ပြောင်းကြရန် ညွှန်ကြားချက် (၁၀၀) ကျော် ထုတ်ပြန်ထားသည်။

 နောက်ထပ် နေရာ (၅၀) တွင် နေထိုင်ကြသူများကိုလည်း အဓိက မြစ်များတွင် မြစ်ရေလျှံနေမှုကြောင့် နေအိမ်စွန့်ခွာရန်အတွက် ပြင်ဆင်ထားကြရန် သတိပေးထားသည်။

 ပြင်းထန်သည့် မိုးလေဝသအခြေအနေမှာ ဆစ်ဒနီမြို့အနီးရှိ Hunter နှင့် Illawarra နယ်မြေများတွင်လည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

ဆစ်ဒနီမြို့တွင် ဇူလိုင်လ (၅) ရက်နေ့၌ မိုးရွာသွန်းမှု စတင်လျော့နည်းလာမည်ဟု ခန့်မှန်းထားပြီး  လေပြင်းတိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ခန့်မှန်းထားရာ သစ်ပင်နှင့် ဓာတ်အားလိုင်းများလဲပြိုကျွန်မှုအန္တရာယ်ရှိကြောင်း ဩစတြေးလျမိုးလေဝသဌာနက ထုတ်ပြန်သည်။ 

"အရေးပေါ်အခြေအနေက မပြီးသေးပါဘူး" ဟု NSW ပြည်နယ် အရေးပေါ်ဌာနများဆိုင်ရာ ဝန်ကြီး Stephanie Cooke က ပြောခဲ့သည်။

"လူတွေက အကြံပြုချက်ကို သေချာဂရုမစိုက်ကြတာ တွေ့ရတယ်။ ဒီရေကြီးမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်နေပါတယ်" ဟု Stephanie Cooke က ပြောခဲ့သည်။ 

အများပြည်သူအနေဖြင့် ယခုအချိန်တွင် မလိုအပ်သည့် ခရီးသွားလာမှုများ မလုပ်ကြရန်လည်း သူမက တောင်းဆိုခဲ့သည်။ 

လွန်ခဲ့သည့် (၂) ရက်တွင် ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့သည့် လူများကို ကယ်ဆယ်ရေးသမားများက သွားရောက်ကယ်ဆယ်ခဲ့ရပြီးနောက် ဒေသခံများအနေဖြင့် ရွှေ့ပြောင်းရန်သတိပေးချက်များကို လိုက်နာကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုအစိုးရက NSW ပြည်နယ်တွင် ရေကြီးမှုကို သဘာဝဘေးအန္တရာယ်ကျရောက်မှုအဖြစ် ကြေညာခဲ့ပြီး ရေဘေးသင့် ဒေသခံများကို အရေးပေါ်ရန်ပုံငွေထောက်ပံ့မှုရရှိရန် ကူညီပေးနေကြောင်း သိရသည်။ 

ရာသီဥတုပြောင်းလဲမှုနှင့် လာနီညာ (La Niña) ရာသီဥတုဖြစ်စဥ်တို့ကြောင့် ရေကြီးမှု အရေးပေါ်အခြေအနေ ပိုမိုဆိုးရွားစေကြောင်း ကျွမ်းကျင်သူများက ပြောသည်။

 ဩစတြေးလျတွင် လာနီညာဖြစ်စဥ်ကြောင့် မိုးရွာသွန်းမှု၊ ဆိုင်ကလုန်းမုန်တိုင်းနှင့် နေ့အပူချိန်လျော့ကျွန်မှုများ ဖြစ်ပေါ်နိုင်ခြေ မြင့်တက်စေနိုင်ကြောင်း သိရသည်။

Source: BBC, Reuters

Photo: GETTY IMAGES, REUTERS/Loren Elliott